ကိုယ့်ရဲ့ Fashion Brand ကို ကိုယ် နဲ့ တစ်ထပ်တည်း ကျအောင် ဘယ်လိုလုပ်မလဲ ?

ဖက်ရှင်လောကထဲကို ဝင်ချင်သူတိုင်းမှာ “တစ်နေ့တော့ ကိုယ့်နာမည်နဲ့ ဒီဇိုင်းတွေကို ကမ္ဘာလုံးသိစေမယ်” ဆိုတဲ့ စိတ်ကူးယဉ်မှု ရှိပါတယ်။ ဒါပေမဲ့ တကယ်လက်တွေ့လာတဲ့အခါမှာတော့ ကိုယ့်ဒီဇိုင်းတွေဟာ တခြားသူတွေနဲ့ မတူဘဲ ကိုယ့်စိတ်ခံစားချက်နဲ့ ကိုယ့်ပုံစံကို ထင်ဟပ်နေသလားဆိုတာ စဉ်းစားဖို့လိုပါတယ်။

အမှတ်တံဆိပ်တွေဟာ ခဏတာ အောင်မြင်မှုရကြပေမဲ့ ရေရှည်မှာ ဘာကြောင့် မှေးမှိန်သွားရသလဲ၊ တချို့ကျတော့ ဘယ်လိုမှ မှေးမှိန်မသွားဘဲ လူတွေရဲ့ နှလုံးသားထဲမှာ စွဲမြဲနေရတာလဲ။ အဲ့ဒီမေးခွန်းတွေရဲ့ အဖြေက " ကိုယ့်ရဲ့ Fashion Brand ကို ကိုယ် နဲ့ တစ်ထပ်တည်း ကျအောင် ဘယ်လိုလုပ်မလဲ ? ဆိုတဲ့ အချက်ထဲမှာ ပါဝင်နေပါတယ်။

ယနေ့ခေတ် ဖက်ရှင်လောကဟာ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းပါတယ်။ အမှတ်တံဆိပ်အသစ်တွေ နေ့စဉ်နဲ့အမျှ ပေါ်ပေါက်နေပြီး ခေတ်ရေစီးကြောင်းတွေကလည်း အမြန်နှုန်းနဲ့ ပြောင်းလဲနေပါတယ်။ ဒီလို ပတ်ဝန်းကျင်ထဲမှာ ကိုယ့်ရဲ့ အမှတ်တံဆိပ်က ထင်ရှားပေါ်လွင်ပြီး ရေရှည်တည်တံ့ဖို့ဆိုရင် ထူးခြားတဲ့ ကိုယ်ပိုင် Signature Style ရှိဖို့ လိုပါတယ်။ အမှတ်တံဆိပ်တစ်ခုက အောင်မြင်ဖို့ဆိုတာ လှပတဲ့ ဒီဇိုင်းတွေ ဖန်တီးရုံ၊ အရည်အသွေးကောင်းတဲ့ အထည်တွေ ထုတ်လုပ်ရုံနဲ့ မလုံလောက်ပါဘူး။ အရေးအကြီးဆုံးကတော့ သင့်ရဲ့ အမှတ်တံဆိပ်ဟာ “သင့်ကိုယ်သင်” ဘယ်လောက် ထင်ဟပ်ပြသနိုင်သလဲဆိုတဲ့ အချက်ပါပဲ။ လူတွေဟာ ထုတ်ကုန်တစ်ခုထက် ပိုပြီးတော့ ခံစားချက်၊ ဇာတ်လမ်း၊ တန်ဖိုးတွေကို ဝယ်ယူကြပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့ အမ ပြောပြချင်တာက ကိုယ့်ရဲ့ ဖက်ရှင်အမှတ်တံဆိပ် (Fashion Brand) ကို တကယ်ပဲ ကိုယ်ပိုင်အမှတ်အသားရှိပြီး Customer နဲ့ စစ်မှန်တဲ့ ဆက်သွယ်မှုတည်ဆောက်နိုင်ဖို့အတွက် အဓိကကျတဲ့ အချက် (၇) ချက်ပဲ ဖြစ်ပါတယ်။

(1) သင့်ရဲ့ မူရင်းတန်ဖိုး (Core Values) နဲ့ စိတ်အားထက်သန်မှု (Passion) ကို ရှာဖွေပါ

အမှတ်တံဆိပ်တစ်ခု စတင်တဲ့အခါ အပြင်ပန်း Design တွေ၊ Color တွေ၊ Logo တွေထက် အရင်ဆုံး စဉ်းစားရမှာက သင့်ရဲ့ ကိုယ်ပိုင်တန်ဖိုးတွေနဲ့ ဘာကို အမှန်တကယ် စိတ်အားထက်သန်လဲဆိုတာပါပဲ။ ဘာက သင့်ကို ဖက်ရှင်လောကထဲ ရောက်လာစေတာလဲ။ ဘယ်လိုပြဿနာကို ဖြေရှင်းချင်တာလဲ။ ဘယ်လိုလူမှုပတ်ဝန်းကျင်ကို ထောက်ခံချင်တာလဲ။ ဒီအရာတွေက သင့်အမှတ်တံဆိပ်ရဲ့ အခြေခံအုတ်မြစ် ဖြစ်လာပါလိမ့်မယ်။

ဥပမာတစ်ခု ပြောပြရရင် –

  • အမတို့ကျောင်းက ကျောင်းသူတစ်ယောက်ဖြစ်တဲ့ Htet Htet ဟာ အဝတ်အထည်လုပ်ငန်းတွင်းက ပစ်စွန့်ခံရတဲ့ Denim အပိုအထည်စများ ကို တွေ့ပြီး စိတ်မကောင်းဖြစ်မိတာကနေ စတင်ပေါ်ပေါက်လာတဲ့ စိတ်ကူးတစ်ခုနဲ့ “Htet Htet Denim Studio” ဆိုတဲ့ ဖက်ရှင်အမှတ်တံဆိပ်ကို တည်ထောင်ခဲ့တယ်။ သူမရဲ့ အဓိကတန်ဖိုးကတော့ Sustainable Fashion သဘာဝနဲ့ ညီညွတ်ပြီး အရင်းအမြစ်တွေကို အသုံးပြုနိုင်သလောက် ပြန်လည်အသုံးချဖန်တီးခြင်းပါ။ သူမရဲ့ “Eco-Friendly Denim Collection” မှာတော့ စွန့်ပစ်ခံရတဲ့ Denim အထည်တွေကို ပြန်လည်အသုံးပြုပြီး Patchwork နည်းလမ်း၊ Frayed edge Silhouette တွေကို ပေါင်းစပ်ဖန်တီးထားတယ်။ ဒီ Collection ဟာ အနုပညာသစ်အယူအဆနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစိတ်ဝင်စားမှုကို တစ်ပြိုင်တည်း ပေါင်းစပ်ထားပြီး၊ “Fashion can be creative and responsible at the same time.” ဆိုတဲ့ အဓိပ္ပါယ်ကို ထင်ဟပ်ပေးတယ်။

ဒါကြောင့် Htet Htet ရဲ့ အမှတ်တံဆိပ်ဟာ ဖက်ရှင်ကို ချစ်သူတွေလောက်မကဘဲ ပတ်ဝန်းကျင်ကို ကာကွယ်လိုသူတွေရဲ့ စိတ်ဝင်စားမှုနဲ့ ထောက်ခံမှုကိုလည်း အခိုင်အမာ ရရှိခဲ့တာပါ။ 🌿♻️

(2) သင့်ရဲ့ ထူးခြားတဲ့ အလှအပနဲ့ လက်မှတ်ပုံစံ (Aesthetic & Signature Style) ကို နားလည်ပါ

ဖက်ရှင်ဒီဇိုင်နာတိုင်းမှာ ကိုယ်ပိုင် အမြင်၊ ကိုယ်ပိုင်ခံစားမှု၊ ကိုယ်ပိုင်လက်ရာ ရှိပါတယ်။ ဒါကပဲ သင့်ကို တခြားသူတွေနဲ့ ကွဲပြားစေတဲ့ အရာပါ။ ဘယ်လိုအရောင်တွေက သင့်ကို ဆွဲဆောင်လဲ။ ဘယ်လို ပုံစံတွေ၊ ပိတ်စတွေ၊ အသွင်အပြင်တွေက သင့်ရဲ့ ဒီဇိုင်းစိတ်ကူးတွေကို အသက်သွင်းလဲ။ သင့်ရဲ့ ဒီဇိုင်းတွေကို ဝတ်ဆင်သူတွေက ဘယ်လို ခံစားစေချင်လဲ။ ဒီမေးခွန်းတွေရဲ့ အဖြေက သင့်ရဲ့ “Signature Style” ဖြစ်လာပါလိမ့်မယ်။

ဥပမာအားဖြင့် –

  • မြန်မာ့ရိုးရာ ချည်ထည်တွေကို ခေတ်မီတဲ့ ပုံစံတွေနဲ့ ပေါင်းစပ်ဖန်တီးချင်တဲ့ ဒီဇိုင်နာတစ်ယောက်ရှိတယ်ဆိုပါတော့။ သူက မြန်မာ့ရိုးရာ ပုဆိုးစ၊ လုံချည်စတွေကို ခေတ်ပေါ်ဒီဇိုင်း ဘောင်းဘီရှည်တွေ၊ Blazer အကျီတွေမှာ ပေါင်းစပ်တယ်။ အရောင်တွေအနေနဲ့လည်း တောက်ပပြီး ရဲရင့်တဲ့ အရောင်တွေကိုပဲ ရွေးချယ်တယ်။ ဒါက သူ့ရဲ့ ဒီဇိုင်းတိုင်းမှာ မြင်ရတဲ့ သူ့ရဲ့ လက်မှတ်ဖြစ်ပြီး “Modern Myanmar Fusion” ဆိုတဲ့ ရုပ်ပုံလွှာကို ပေါ်လွင်စေပါတယ်။ သင် ဒီဇိုင်းတစ်ခု ဖန်တီးလိုက်တိုင်း “ဒါက ငါ့လက်ရာပဲ” လို့ ပြောနိုင်တဲ့ အရာ ဘာလဲဆိုတာ ရှာဖွေပါ။

(3) သင့်ရဲ့ ကိုယ်ပိုင်ဇာတ်လမ်း (Personal Story) ကို ပြောပြပါ

လူတွေဟာ Story တွေကို နှစ်သက်ကြပါတယ်။ ကိုယ့်ရဲ့ အမှတ်တံဆိပ်က ဘယ်ကနေ စခဲ့တာလဲ၊ ဘာကနေ လှုံ့ဆော်မှု ရခဲ့တာလဲ၊ ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ခဲ့လဲဆိုတဲ့ ကိုယ်ပိုင် Story ကို ပွင့်ပွင့်လင်းလင်း ပြောပြခြင်းဟာ customer နဲ့ စိတ်ခံစားမှုအရ ချိတ်ဆက်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ ဒီဇိုင်နာတစ်ယောက်ရဲ့ Story ကပဲ သူဖန်တီးတဲ့ အမှတ်တံဆိပ်ကို အသက်ဝင်စေပါတယ်။

ဥပမာအားဖြင့် –

  • BODE ဆိုတဲ့ အမေရိကန်အမှတ်တံဆိပ် founder Emily Bode ဟာ သူမရဲ့ ဒီဇိုင်းတွေကို ငယ်ဘဝအမှတ်တရတွေ၊ အိပ်မက်တွေ၊ အနုပညာနဲ့ သက်ဆိုင်တဲ့ ခံစားချက်တွေကနေပဲ ဖန်တီးတယ်။ သူမက အဘိုးအဖွားက ထားခဲ့တဲ့ အထည်ဟောင်းတွေကို အသုံးပြုပြီး Story ပါတဲ့ ဖက်ရှင်အနုပညာအဖြစ် ပြန်လည်ဖန်တီးခဲ့တာ။ ဒီအကြောင်းကိုလည်း သူမရဲ့ website မှာ ရိုးရိုးသားသားနဲ့ ရေးသားတင်ပြထားတာကြောင့် ဝယ်ယူသူတွေက သူ့ရဲ့ ဒီဇိုင်းတွေကို သဘောကျရုံတင်မကဘဲ သူ့ရဲ့ ထူးခြားတဲ့ ကိုယ်ပိုင်ဇာတ်လမ်းကိုပါ စိတ်ဝင်စားပြီး သူ့ရဲ့ followers တွေ ဖြစ်လာခဲ့ကြပါတယ်။ သင့်မှာလည်း သင့်ကို သင်ဖြစ်စေခဲ့တဲ့၊ သင့်အမှတ်တံဆိပ်ကို ဖြစ်စေခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိနေမှာပါ။ အဲဒါကို ရဲရဲဝံ့ဝံ့ ပြောပြပါ။

(4) ကိုယ့်ပရိသတ်နဲ့ စစ်မှန်စွာ ချိတ်ဆက်ပါ (Connect Genuinely with Your Audience)

ကိုယ့်ရဲ့ အမှတ်တံဆိပ်က ကိုယ်ကိုယ်တိုင် ထင်ဟပ်နေတယ်ဆိုရင်၊ ကိုယ့်ကို စိတ်ဝင်စားသူ၊ ကိုယ့်တန်ဖိုးတွေကို မြတ်နိုးသူ Customer တစ်ရပ်ကို ဆွဲဆောင်နိုင်ပါတယ်။ ဒီ Customer တွေနဲ့ စစ်မှန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့က အရမ်းအရေးကြီးပါတယ်။ သူတို့ကို ထုတ်ကုန်ရောင်းချရုံတင်မကဘဲ၊ ကိုယ့်ဒီဇိုင်းတွေ ဘယ်လိုဖြစ်ပေါ်လာလဲ၊ ဘယ်လိုပိတ်စတွေ သုံးထားလဲ၊ ဘယ်လိုအကြောင်းအရာနဲ့ ခွန်အားတွေ ပေးချင်လဲဆိုတာမျိုး မျှဝေပါ။ သူတို့ရဲ့ ထင်မြင်ချက်တွေကိုလည်း နားထောင်ပေးပါ။

ဥပမာအနေနဲ့ –

  • ဒီဇိုင်နာတစ်ဦးဟာ “မြန်မာမှုဒီဇိုင်း” ဆိုတဲ့ အမှတ်တံဆိပ်ကို ပိုင်ဆိုင်တယ်ဆိုပါစို့။ သူက သူ့ရဲ့ Customers တွေကို ဒီဇိုင်းအသစ် ဖန်တီးမလှမ်းခင် သူတို့ရဲ့ အကြိုက်နှစ်သက်မှု၊ ဝတ်ဆင်ချင်တဲ့ ပုံစံတွေကို မေးမြန်းတတ်တယ်။ ဒါ့အပြင် သူ့ဒီဇိုင်းတွေထဲက “ဒီလုံချည်က မွန်ယဉ်ကျေးမှုကနေ ဘယ်လို ပုံစံယူထားတာလဲ” ဆိုတာမျိုး သမိုင်းနဲ့ ယဉ်ကျေးမှု meaning ကိုလည်း ရှင်းပြပေးတတ်တယ်။
  • ဒီလိုနည်းလမ်းက ဖက်ရှင်ကို ချစ်သူ Customers တွေကြားမှာ အမှတ်တံဆိပ်အပေါ် ခံစားချက်ပေါ်လာစေပြီး၊ သူတို့ကို ဒီအမှတ်တံဆိပ်ရဲ့ မိသားစုတစ်စိတ်တစ်ပိုင်းလို ခံစားရစေပါတယ်။ အွန်လိုင်း Q&A sessions တွေ၊ live sessions တွေကနေတဆင့် customer နဲ့ တိုက်ရိုက်ပြောဆို ဆက်သွယ်ပါ။ သူတို့ရဲ့ စကားကို နားထောင်ပြီး တုံ့ပြန်ပါ။

(5) ထိတွေ့မှုတိုင်းမှာ တစ်သမတ်တည်းဖြစ်ပါ (Consistency Across All Touchpoints)

ကိုယ့်အမှတ်တံဆိပ်ဟာ “ကိုယ်ကိုယ်တိုင်” ထင်ဟပ်တယ်ဆိုရင်၊ အရာအားလုံးမှာ တစ်သမတ်တည်း ဖြစ်ဖို့ လိုပါတယ်။ ကိုယ့် logo ဒီဇိုင်း၊ website၊ social media တွေ၊ packaging ၊ advertising တွေ၊ display style ၊ Customer Service ကအစ အားလုံးမှာ ကိုယ့်အမှတ်တံဆိပ်ရဲ့ စရိုက်လက္ခဏာ (brand identity) ပေါ်လွင်အောင် ထိန်းသိမ်းပါ။ အကယ်၍ ကိုယ်တိုင်က ပြောင်းလဲနေမယ်ဆိုရင်၊ ကိုယ့်အမှတ်တံဆိပ်ကလည်း မတည်ငြိမ်ဘဲ ဝေဝါးသွားနိုင်ပါတယ်။ တစ်သမတ်တည်းဖြစ်ခြင်း (Consistency) ဟာ ကိုယ့်အမှတ်တံဆိပ်ကို အမှန်တကယ် Professional ဖြစ်စေပြီး Customer တွေအတွက် ယုံကြည်မှု (Trust) တည်ဆောက်ပေးတတ်ပါတယ်။

ဥပမာပေးရရင်

  • ကိုယ်ဟာ “Minimalist Elegance” ဆိုတဲ့ အမှတ်တံဆိပ် ပိုင်ရှင်တစ်ဦးဆိုပါစို့။ ကိုယ့်ဒီဇိုင်းတွေက ရိုးရှင်းပြီး သန့်ပြန့်တယ်။ အရောင်တွေကလည်း အဖြူ၊ အမည်း၊ မီးခိုး၊ ဘေဂျ် စတဲ့ သဘာဝဆန်တဲ့ အရောင်တွေကိုပဲ သုံးတယ်။ ဒါဆိုရင် ကိုယ့် Website ဒီဇိုင်း ကလည်း ရှုပ်ထွေးမှုမရှိဘဲ သန့်ရှင်းပြီး ရှင်းလင်းနေရမယ်။ ထုပ်ပိုးမှု (Packaging) ကလည်း ရိုးရှင်းတဲ့ အိတ်တွေ၊ ကတ်ထူပြားတွေကို သုံးသင့်တယ်။ Customer Service ပေးတဲ့အခါမှာလည်း လိုရင်းတိုရှင်းပြီး ယဉ်ကျေးတဲ့ အသုံးအနှုန်းတွေကို သုံးသင့်တယ်။ အကယ်၍ ကိုယ်က minimalist ဖြစ်ပေမဲ့ ကိုယ့် website က ရောင်စုံနဲ့ ရှုပ်ပွနေမယ်ဆိုရင်၊ ဒါဟာ တစ်သမတ်တည်း မဖြစ်တော့ဘဲ ဝယ်ယူသူတွေ အနေနဲ့ ရှုပ်ထွေးသွားနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်အမှတ်တံဆိပ်ရဲ့ core identity ကို ဘယ်နေရာမှာမဆို ထင်ဟပ်နေအောင် သတိထားဖို့လိုတယ်။

Core Identity – ကိုယ့်အမှတ်တံဆိပ်က ဘယ်သူလဲ၊ ဘာအတွက်တည်ရှိနေတာလဲ၊ ဘယ်လိုခံစားချက်ကို ပေးချင်လဲ ဆိုတော့ Core Identity ဟာ ကိုယ့် brand ရဲ့ ပုံသဏ္ဍာန်၊ အသံ၊ ဒီဇိုင်းပုံစံ၊ အချက်အလက် အားလုံးကို ဦးတည်စေတာ တစ်ခုပါ။

(6) မပြည့်စုံမှုနဲ့ ပွင့်လင်းမှုကို လက်ခံပါ (Embrace Imperfection & Transparency)

ကိုယ့်အမှတ်တံဆိပ်ဟာ “ကိုယ်ကိုယ်တိုင်” ဖြစ်တာကြောင့် ကိုယ်က လူသားတစ်ယောက်ဖြစ်တယ်ဆိုတာကို ပြသဖို့ မကြောက်ပါနဲ့။ မပြည့်စုံမှုတွေ၊ အခက်အခဲတွေ၊ အမှားအယွင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောပြခြင်းဟာ Customer နဲ့ ပိုမိုနက်ရှိုင်းတဲ့ ယုံကြည်မှု တည်ဆောက်ပေးနိုင်ပါတယ်။ အရာရာတိုင်းကို ပြီးပြည့်စုံတဲ့ ပုံစံနဲ့သာ ပြသနေတာထက်၊ ဒီဇိုင်းဖန်တီးမှုရဲ့ အခက်အခဲတွေ၊ နောက်ကွယ်က ကြိုးပမ်းအားထုတ်မှုတွေကို ဝေမျှခြင်းက ကိုယ့်အမှတ်တံဆိပ်ကို ပိုပြီး စစ်မှန်စေပါတယ်။ စစ်မှန်မှု (Authenticity) နဲ့ ပွင့်လင်းမှု (Transparency) ဟာ ကိုယ့် brand ကို လူတွေချစ်ခင်ပြီး ယုံကြည်လာစေမယ့် အားအင်ကြီးတွေ ဖြစ်ပါတယ်။

ဥပမာပေးရရင်

  • နာမည်ကြီးတဲ့ Patagonia ဆိုတဲ့ အမေရိကန်အမှတ်တံဆိပ် founder Yvon Chouinard ဟာ သူတို့ရဲ့ ထုတ်လုပ်မှုတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုအကြောင်းကို အမြဲ ရိုးရိုးသားသား ပြောပြသူပါ။ သူတို့က “Footprint Chronicles” ဆိုတဲ့ စနစ်တစ်ခုနဲ့ စက်ရုံအလုပ်သမားပြဿနာ၊ ပစ္စည်းထုတ်လုပ်မှုအဆင်မပြေတာတွေကိုတောင် ဖောက်သည်တွေကို ဖျောက်မထားဘဲ မျှဝေခဲ့တယ်။ ဒီလိုပွင့်လင်းမှုကြောင့် Patagonia ဟာ တန်ဖိုးရှိတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်လာခဲ့တယ်။ အခက်အခဲတွေ ကြုံရရင်တောင်မှ ရှေ့ဆက်ကြိုးစားနေတဲ့ သူ့ရဲ့ စိတ်ဓာတ်ကို အားကျအတုယူစရာအဖြစ် မြင်လာကြတယ်။ သင်လည်း အမှားတွေလုပ်မိရင် ဝန်ခံဖို့၊ အခက်အခဲတွေရှိရင် ပွင့်ပွင့်လင်းလင်း ဝေမျှဖို့ မကြောက်ပါနဲ့။

(7) ပြောင်းလဲတိုးတက်ပါ၊ သို့သော် ကိုယ့်မူရင်းကို မမေ့ပါနှင့် (Evolve, But Stay True to Your Roots)

ဖက်ရှင်လောကဟာ အမြဲတမ်း ပြောင်းလဲနေပါတယ်။ ဒါကြောင့် ကိုယ့်အမှတ်တံဆိပ် ဟာလည်း ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်နေရဖို့ လိုပါတယ်။ ဒါပေမဲ့ ဒီလိုပြောင်းလဲတဲ့အခါမှာ ကိုယ့်မူရင်းတန်ဖိုးတွေ၊ ကိုယ့် Signature Style တွေ၊ ကိုယ့် story တွေ ကို မမေ့ဖို့ အရေးကြီးပါတယ်။ ခေတ်ရေစီးကြောင်းနဲ့ နောက်ကျမသွားဖို့ update လုပ်တာက ကောင်းပေမဲ့၊ ကိုယ့်ကိုယ်ပိုင်လက္ခဏာ (unique identity) ကို ဆုံးရှုံးသွားတာမျိုး မဖြစ်စေရပါနဲ့။ ပြောင်းလဲခြင်း (Adaptability) နဲ့ စစ်မှန်မှု (Authenticity) ကို တစ်ပြိုင်တည်းထိန်းသိမ်းနိုင်တာက ကိုယ့် brand ကို အကြာကြီး အသက်ရှည်စေမယ့် လျှို့ဝှက်ချက်ပါ။

ဥပမာပေးရရင်

  • အမတို့ရဲ့ ထင်ရှားတဲ့ မြန်မာဒီဇိုင်နာကြီး တစ်ဦးဖြစ်တဲ့ မြန်မာ့ဖက်ရှင်ဒီဇိုင်နာကြီး မိုးကုတ်ပေါက်ပေါက် ဟာ စတင်တုန်းက မြန်မာ့ရိုးရာချည်ထည်တွေကို လက်နဲ့ယက်လုပ်ပြီး ခေတ်သစ်ဒီဇိုင်းတွေနဲ့ ပေါင်းစပ်ဖန်တီးခဲ့သူပါ။ သူ့အတွက် ဖက်ရှင်ဆိုတာ လှပတဲ့အဝတ်မကဘဲ မြန်မာ့ယဉ်ကျေးမှုကို အသက်သွင်းဖော်ပြတဲ့ အနုပညာတစ်ရပ်ပါ။ ခေတ်အပြောင်းအလဲတွေနဲ့အညီ ပုံစံနဲ့ အပြင်အဆင်တွေကို ပြောင်းလဲလာပေမဲ့၊ သူ့အမှတ်တံဆိပ်ရဲ့ အခြေခံတန်ဖိုး မြန်မာ့ရိုးရာအထည်တွေကို ကမ္ဘာသိအောင် ပြသဖို့ လုံးဝမပျက်သွားပါဘူး။ ဒီလို “Traditional & Modern” ကို တစ်ပြိုင်တည်း ထိန်းသိမ်းဖန်တီးနိုင်တဲ့ စွမ်းအင်ကြောင့်ပဲ သူ့ဒီဇိုင်းတွေဟာ Paris Fashion Week, London, Singapore လို အပြည်ပြည်ဆိုင်ရာ runway များထိ ဝင်ရောက်ပြသနိုင်ခဲ့ပြီး မြန်မာဒီဇိုင်နာတစ်ဦးအနေနဲ့ နိုင်ငံတကာမှာလည်း နာမည်ကျော်လာခဲ့ပါတယ်။
  • ဒါကြောင့်ဘဲ ကိုယ်အတွက်လည်း ပြောင်းလဲဖို့ ကြိုးစားတဲ့အခါ မူရင်းအနှစ်သာရ ကို မမေ့ပါနဲ့။ မူရင်းအမြစ် က ကိုယ့်အမှတ်တံဆိပ်ကို နာမည်ကြီးအောင် သယ်ဆောင်သွားမယ့် အစွမ်းအင်ပါ။ ထုတ်လုပ်တဲ့အခါ၊ ဖန်တီးတဲ့အခါတိုင်းမှာလည်း ကိုယ့်ရဲ့ မူရင်းအနှစ်သာရကို အမြဲဆုပ်ကိုင်ထားပါ။ ဒါက ကိုယ့် brand ကို တခြားသူမတူအောင် ထင်ဟပ်ပေးမယ့် အစိတ်အပိုင်းအရေးကြီးပါ။

နိဂုံးချုပ်အနေဖြင့်

ဖက်ရှင်အမှတ်တံဆိပ်တစ်ခု ဖန်တီးတယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကို ထုတ်ဖော်ပြသတာနဲ့ တူပါတယ်။ ကိုယ့်ကိုယ်ကိုယ် တကယ် နားလည်အောင်ကြိုးစားပါ။ ကိုယ့်ရဲ့ တန်ဖိုးတွေကို မြတ်နိုးပါ။ ကိုယ်ပိုင် story ကို ရဲရဲဝံ့ဝံ့ ပြောပြပါ။ customet နဲ့ စစ်မှန်စွာ ချိတ်ဆက်ပါ။ အရာရာတိုင်းမှာ တစ်သမတ်တည်း ရှိနေအောင် ဂရုစိုက်ပါ။ မပြည့်စုံမှုတွေကို လက်ခံပြီး ပွင့်လင်းပါ။ နောက်ဆုံးမှာတော့ ပြောင်းလဲတိုးတက်ရင်းနဲ့ ကိုယ့်ရဲ့ မူရင်းအနှစ်သာရကို မမေ့ပါနဲ့။

ဒီလို အချက် (၇) ချက်ကို လိုက်နာခြင်းအားဖြင့် ကိုယ့်ရဲ့ ဖက်ရှင်အမှတ်တံဆိပ်ဟာ ရေရှည်တည်တံ့ခိုင်မြဲပြီး လူတွေရဲ့ နှလုံးသားထဲမှာ ထာဝရစွဲမြဲနေမယ့်၊ တကယ့်ကို “ကိုယ့်” လိုပဲ ခံစားရတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်လာပါလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကြိုးစားမှုတိုင်းဟာ အဖိုးတန်ပါတယ်။ ကိုယ့်ရဲ့ ဖန်တီးမှုအိပ်မက်တွေ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။