🔥ပရော်ဖက်ရှင်နယ်တစ်ဦးကဲ့သို့ အထည်အလိပ်ရွေးချယ်ခြင်း

ကမ္ဘာ့ဖက်ရှင်လောကမှာ ထင်ရှားကျော်ကြားတဲ့ ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Rei Kawakubo (Comme des Garçons ကို တည်ထောင်သူ) ဟာ သူမရဲ့ အစောပိုင်းလက်ရာတွေမှာ ကန့်သတ်ချက်များစွာနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ အထည်အလိပ်ကောင်းတွေဝယ်ယူဖို့ ငွေကြေးမလုံလောက်တဲ့အခါ စျေးပေါတဲ့ ပိတ်စတွေ၊ စက်ရုံတွေက ပစ်ပယ်ထားတဲ့ အကြွင်းအကျန်တွေနဲ့ ပုံမှန်မဟုတ်တဲ့ ပစ္စည်းတွေကိုသုံးပြီး အံ့သြစရာကောင်းတဲ့ ဒီဇိုင်းတွေကို ဖန်တီးနိုင်ခဲ့တာဟာ ဖက်ရှင်လောကမှာ အထည်အလိပ်ရွေးချယ်မှုရဲ့ အရေးပါပုံကို ပြသတဲ့ သာဓကတစ်ခုပါပဲ။

ဖက်ရှင်ဒီဇိုင်းလောကမှာ ဒီဇိုင်းတစ်ခုရဲ့ အသက်က ဘာလဲလို့ မေးရင်၊ ဒီဇိုင်နာတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းတွေကို အသက်သွင်းပေးမယ့် အရာက ဘာလဲလို့ မေးရင်တော့ အမ အနေနဲ့ “အထည်အလိပ် ( Fabric ) ” လို့ဘဲဖြေရမှာဖြစ်ပါတယ်။ အထည်အလိပ်ရွေးချယ်ခြင်းဟာ အနုပညာရဲ့ အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ပါတယ်။

အရောင်တွေ၊ ဒီဇိုင်းပုံစံတွေ၊ ချုပ်ရိုးချုပ်သားတွေက ဒီဇိုင်းရဲ့ အသွင်အပြင်ကို ပြောင်းလဲပေးနိုင်သလို၊ ပိတ်စရဲ့ အရည်အသွေးနဲ့ အသားကလည်း ဝတ်ဆင်သူရဲ့ ခံစားချက်ကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ မှန်ကန်တဲ့ပိတ်စက ဒီဇိုင်းကို အသက်ဝင်စေနိုင်သလို၊ မှားယွင်းတဲ့ပိတ်စကတော့ ဘယ်လောက်ပဲ ဒီဇိုင်းလှလှ၊ဖန်တီးမှုကို ပျက်စီးသွားစေနိုင်ပါတယ်။ ဒါကြောင့် အခု အမတို့ အတူတူ “ပရော်ဖက်ရှင်နယ်တစ်ဦးကဲ့သို့ အထည်အလိပ်ရွေးချယ်ခြင်း” ဆိုတဲ့ သင်ခန်းစာကို လေ့လာကြရအောင်နော်။

(1) ပရော်ဖက်ရှင်နယ်တစ်ဦးကဲ့သို့ အထည်အလိပ်ရွေးချယ်ခြင်း (Choosing Fabrics Like a Pro)
ပိတ်စရွေးချယ်တဲ့အခါ စျေးနှုန်းတစ်ခုတည်းကိုပဲ ကြည့်လို့မရပါဘူး။ ပိတ်စရဲ့ ဂုဏ်သတ္တိတွေ၊ ဒီဇိုင်းနဲ့ လိုက်ဖက်မှုရှိမရှိဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။

1. အထည်အလိပ်အမျိုးအစားများကို နားလည်ခြင်း (Understanding Fabric Types)

ပိတ်စတွေကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။ သဘာဝအမျှင်နဲ့ ဓာတုအမျှင်တွေပါ။


(i) သဘာဝအမျှင်များ (Natural Fibers):

▪️ချည် (Cotton):ချည်သားဟာ အဝတ်အထည်လောကမှာ အသုံးအများဆုံးထဲက တစ်ခုပါ။ သက်တောင့်သက်သာရှိပြီး လေဝင်လေထွက်ကောင်းမွန်ပါတယ်။ ရေစုပ်ယူမှုလည်း ကောင်းတာကြောင့် နေ့စဉ်ဝတ် တီရှပ်တွေ၊ ဂျင်းဘောင်းဘီတွေ၊ ရှပ်အင်္ကျီတွေအတွက် အသင့်တော်ဆုံးပါပဲ။

▪️ပိုး (Silk):ပိုးသားဟာ တောက်ပမှု၊ နူးညံ့မှုနဲ့ ဇိမ်ကျမှုတွေနဲ့ ပြည့်စုံပါတယ်။ အိကျတဲ့ ပုံစံမျိုးချုပ်ချင်တဲ့ ဂါဝန်တွေ၊ ညဝတ်အင်္ကျီတွေ၊ ပဝါတွေအတွက် သုံးပါတယ်။ စျေးနှုန်းလည်း မြင့်မားတတ်ပါတယ်။

▪️သိုးမွှေး (Wool): သိုးမွှေးက နွေးထွေးမှုပေးပြီး ပုံကျမှုလည်း ကောင်းမွန်ပါတယ်။ အေးတဲ့ရာသီဥတုအတွက် ကုတ်အင်္ကျီတွေ၊ ဆွယ်တာတွေ၊ ဘောင်းဘီတွေ ချုပ်လုပ်လေ့ရှိပါတယ်။

▪️ပိတ်ချော (Linen): ပိတ်ချောက ချည်နဲ့တူပေမယ့် ပိုပြီး အေးမြပြီး ခိုင်ခံ့ပါတယ်။ နွေရာသီဝတ်စုံတွေ၊ ပေါ့ပါးတဲ့ ရှပ်အင်္ကျီတွေအတွက် သင့်တော်ပေမယ့် အရေးအကြောင်းများ လွယ်တတ်ပါတယ်။


(ii) ဓာတုအမျှင်များ (Synthetic Fibers):

▪️နိုင်လွန် (Nylon):နိုင်လွန်က ခိုင်ခံ့ပြီး ရေစိုခံပါတယ်။ လျှင်မြန်စွာ ခြောက်သွေ့တာကြောင့် အားကစားဝတ်စုံတွေ၊ ရေကူးဝတ်စုံတွေနဲ့ အပြင်ဝတ် ဂျာကင်တွေအတွက် အသုံးဝင်ပါတယ်။

▪️ပိုလီအက်စတာ (Polyester): ပိုလီအက်စတာဟာ မီးအပူဒဏ်ခံနိုင်ပြီး အရေးအကြောင်းမရှိသလောက်ပါပဲ။ ခိုင်ခံ့မှုလည်း ကောင်းပါတယ်။ စျေးနှုန်းသက်သာပြီး လိုင်းနင်သားအဖြစ်၊ ဒါမှမဟုတ် အားကစားဝတ်စုံတွေမှာ အသုံးပြုကြပါတယ်။

▪️ရေးယွန် (Rayon / Viscose): ရေးယွန်က ပိုးနဲ့တူပေမယ့် စျေးနှုန်းပိုသက်သာပါတယ်။ ပုံကျမှုလည်း ကောင်းမွန်တာကြောင့် ဂါဝန်တွေ၊ ဘလောက်စ်အင်္ကျီတွေ ချုပ်လုပ်ရာမှာ အသုံးပြုကြပါတယ်။

▪️စပန်ဒက်စ် (Spandex / Lycra): စပန်ဒက်စ်က ဆန့်နိုင်စွမ်းအားကောင်းပြီး ပုံကျမှုလည်း အထူးကောင်းမွန်ပါတယ်။ လှုပ်ရှားမှုများတဲ့ အားကစားဝတ်စုံတွေ၊ ကျပ်စီးဘောင်းဘီတွေနဲ့ ခန္ဓာကိုယ်နဲ့ တစ်သားတည်းကျတဲ့ အဝတ်အစားတွေအတွက် မရှိမဖြစ်ပါပဲ။


(iii) အထည်ရက်လုပ်ပုံအမျိုးမျိုး (Weaves and Knits):

▪️ရက်ကန်းသား (Woven Fabrics): ချည်မျှင်တွေကို ထောင့်မှန်အတိုင်း ယှက်ပြီး ရက်လုပ်ထားတာပါ။ ပုံကျပြီး တင်းမာမှုရှိတဲ့အတွက် ရှပ်အင်္ကျီ၊ ဘောင်းဘီ၊ ဂါဝန်လို ဒီဇိုင်းတွေအတွက် သင့်တော်ပါတယ်။

▪️ထိုးသား (Knit Fabrics): ချည်မျှင်တွေကို ပတ်ထိုးပြီး ရက်လုပ်ထားတာပါ။ ဆန့်နိုင်စွမ်းအားကောင်းပြီး သက်တောင့်သက်သာရှိတာကြောင့် တီရှပ်၊ ဂျာစီ၊ ဆွယ်တာလို အဝတ်အစားတွေအတွက် အသုံးပြုပါတယ်။


2. ဒီဇိုင်းနှင့် လိုက်လျောညီထွေဖြစ်စေခြင်း (Matching Fabric to Design)

ဒီဇိုင်းတစ်ခုကို ဖန်တီးတဲ့အခါ ဘယ်လိုပိတ်စမျိုးနဲ့ ချုပ်မယ်ဆိုတာက အစကတည်းက စဉ်းစားထားရပါမယ်။

(i) အဝတ်အစား၏ ရည်ရွယ်ချက် (Garment’s Purpose): ဒီဝတ်စုံက နေ့စဉ်ဝတ်မှာလား၊ ပွဲတက်ဝတ်မှာလား၊ အားကစားအတွက်လား။ ဥပမာ- ပွဲတက်ဝတ်စုံဆို ပိုးသား၊ ဖဲသား၊ ဇာသားတွေက ပိုပြီး ဇိမ်ကျစေနိုင်ပါတယ်။ နေ့စဉ်ဝတ်ဆို ချည်သား၊ ပိတ်ချောတွေက ပိုသင့်တော်ပါတယ်။

(ii) အထည်၏ ပုံကျမှု (Drape & Structure): ဒီဇိုင်းက အိကျတဲ့ ပုံစံမျိုးလား၊ တောင့်တင်းခိုင်မာတဲ့ ပုံစံမျိုးလား။ ပိုးသားလို ပိတ်စတွေက ခန္ဓာကိုယ်အချိုးအစားအတိုင်း အိကျတဲ့ ဂါဝန် (draping gowns) တွေအတွက် ကောင်းပါတယ်။ ချည်ကြမ်း၊ ဒါမှမဟုတ် ကင်းဗတ်စ်လို ပိတ်စတွေက တောင့်တင်းတဲ့ ဂျက်ကတ် (structured jackets)၊ ဒါမှမဟုတ် ကုတ်အင်္ကျီတွေအတွက် ပိုသင့်တော်ပါတယ်။

(iii) သက်တောင့်သက်သာရှိမှု (Comfort):အဝတ်အစားက ဝတ်ဆင်သူအတွက် သက်တောင့်သက်သာရှိဖို့က အရေးကြီးပါတယ်။ အရေပြားနဲ့ ထိတွေ့တဲ့အခါ ယားယံတာမျိုး၊ ပူအိုက်တာမျိုး မဖြစ်စေဖို့ ပိတ်စရဲ့ လေဝင်လေထွက်ကောင်းမွန်မှုနဲ့ အသားကို ထည့်သွင်းစဉ်းစားရပါမယ်။

3. အထည်၏ ဂုဏ်သတ္တိများ (Fabric Properties):

ပိတ်စတစ်ခုစီမှာ သူ့ရဲ့ ကိုယ်ပိုင် ဂုဏ်သတ္တိတွေရှိပါတယ်။ ဒီဂုဏ်သတ္တိတွေကို နားလည်ထားတာက ဒီဇိုင်းအတွက် မှန်ကန်တဲ့ ပိတ်စကို ရွေးချယ်နိုင်ဖို့ ကူညီပေးပါတယ်။

(i) လေဝင်လေထွက်ကောင်းခြင်း (Breathability): ပူအိုက်တဲ့ ရာသီဥတု ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှုများတဲ့ ဝတ်စုံတွေအတွက် လေဝင်လေထွက်ကောင်းတဲ့ ပိတ်စ (ချည်၊ ပိတ်ချော) တွေက ပိုသင့်တော်ပါတယ်။

(ii) တာရှည်ခံမှု (Durability):နေ့စဉ်ဝတ်တဲ့ အဝတ်အစားတွေ၊ ဒါမှမဟုတ် ခဏခဏ လျှော်ဖွပ်ရမယ့် အဝတ်အစားတွေအတွက် တာရှည်ခံတဲ့ ပိတ်စ (ဂျင်း၊ ကင်းဗတ်စ်၊ ပိုလီအက်စတာ) တွေကို ရွေးချယ်သင့်ပါတယ်။

(iii) အရေးအကြောင်းခံနိုင်မှု (Wrinkle Resistance): ခရီးသွားဝတ်စုံတွေ၊ အမြဲတမ်း သပ်သပ်ရပ်ရပ်ဖြစ်နေဖို့ လိုအပ်တဲ့ အဝတ်အစားတွေအတွက် အရေးအကြောင်းခံနိုင်တဲ့ ပိတ်စ (ပိုလီအက်စတာ ရောစပ်သားများ) တွေက အဆင်ပြေပါတယ်။

(iv) ဆန့်နိုင်မှု (Stretch): လှုပ်ရှားမှုများတဲ့ အဝတ်အစားတွေ (အားကစားဝတ်စုံ၊ ကျပ်စီးဘောင်းဘီ) အတွက် စပန်ဒက်စ် ရောစပ်ထားတဲ့ ပိတ်စတွေက ပိုသင့်တော်ပါတယ်။

(v) ရေစိုခံခြင်း / လေတိုက်ခံခြင်း (Water/Wind Resistance):အပြင်ဘက် ဝတ်စုံတွေ၊ မိုးကာဂျာကင်တွေအတွက် ရေစိုခံ၊ လေတိုက်ခံနိုင်တဲ့ နိုင်လွန်၊ ပိုလီအက်စတာလို ပိတ်စတွေကို ရွေးချယ်ရပါမယ်။


4. အရောင်နှင့် ပုံစံ (Color and Pattern):

ပိတ်စရဲ့ အရောင်နဲ့ ပုံစံက ဒီဇိုင်းရဲ့အလှအပကို သိသိသာသာ ပြောင်းလဲပေးနိုင်ပါတယ်။အရောင်တွေက ပိတ်စရဲ့ အသားနဲ့ ဘယ်လိုပေါင်းစပ်လဲဆိုတာ အရေးကြီးပါတယ်။ တချို့အရောင်တွေက ပိတ်စသားပေါ်မှာ ပိုတောက်ပပြီး၊ တချို့အရောင်တွေကတော့ မှိန်နေတတ်ပါတယ်။ ပိတ်စပေါ်က ပုံစံတွေကလည်း ဒီဇိုင်းနဲ့ လိုက်ဖက်မှု ရှိ၊ မရှိ စဉ်းစားရပါမယ်။ ပုံစံကြီးတွေက တချို့ဒီဇိုင်းတွေအတွက် လှပေမယ့်၊ တချို့ဒီဇိုင်းတွေအတွက်တော့ ရှုပ်ထွေးသွားစေနိုင်ပါတယ်။

5. ရာသီဥတုနှင့် ပတ်ဝန်းကျင် (Seasonality & Environment):

မြန်မာနိုင်ငံရဲ့ ရာသီဥတုက အပူပိုင်းဖြစ်တာကြောင့် လေဝင်လေထွက်ကောင်းတဲ့ ပိတ်စတွေက အသင့်တော်ဆုံးပါပဲ။

(i) ပူနွေးတဲ့ရာသီ: ချည်၊ ပိတ်ချော၊ ပိုး၊ ရေးယွန်လို ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ ပိတ်စတွေက သင့်တော်ပါတယ်။

(ii) အေးတဲ့ရာသီ: သိုးမွှေး၊ ဖလန်နယ် (flannel)၊ ကုလားအုပ်မွေးလို ပိတ်စတွေက နွေးထွေးမှုပေးပါတယ်။


(2) ဘတ်ဂျက်နည်းနည်းဖြင့်ပင် (Even on a Budget)

ဒီဇိုင်းကျောင်းသား/သူတွေအတွက် ဘတ်ဂျက်ကန့်သတ်ချက်ရှိတာဟာ ပုံမှန်ပါပဲ။ ဒါပေမယ့် ဘတ်ဂျက်နည်းတာက ဖန်တီးနိုင်စွမ်းကို ကန့်သတ်တာမဟုတ်ပါဘူး။ Rei Kawakubo ရဲ့ ဥပမာလိုပဲ၊ စျေးသက်သာတဲ့ ပိတ်စတွေနဲ့လည်း အံ့သြစရာကောင်းတဲ့ ဖန်တီးမှုတွေ လုပ်နိုင်ပါတယ်။

1. စျေးသက်သာသော အထည်အလိပ် ရင်းမြစ်များ (Sourcing Affordable Fabrics):

(i) ဒေသတွင်း ဈေးများ (Local Markets): မြန်မာပြည်ရဲ့ ဈေးတွေ (ဥပမာ- ရန်ကုန်၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ မန္တလေး၊ စျေးချို စသည်ဖြင့်) မှာ မထင်မှတ်ဘဲ အရည်အသွေးကောင်းပြီး စျေးသက်သာတဲ့ ပိတ်စတွေ ရနိုင်ပါတယ်။ အထည်အလိပ်ဈေးဆိုင်ကြီးတွေမှာ ရနိုင်တဲ့ ပိတ်စတွေထက် ပိုမိုသက်သာတတ်ပါတယ်။
“အမတို့ ဒီဇိုင်းကျောင်းသူတစ်ဦးဟာ Fabric Sourcing လုပ်ရင်းနဲ့ စျေးထဲကဈေးသည်အဒေါ်ကြီးဆီကနေ အထည်အလိပ် ပိုလျှံတွေကို စျေးချိုချိုနဲ့ ဝယ်ယူခဲ့ဖူးတယ်။ အဲ့ဒီပိတ်စတွေနဲ့ သူမရဲ့ ပထမဆုံး ဖက်ရှင်ရှိုးမှာ ချုပ်လုပ်ခဲ့တဲ့ ဒီဇိုင်းတွေဟာ အားလုံးကို အံ့အားသင့်စေခဲ့တယ်။ ဒါကြောင့် ဒီလိုဒေသဈေးတွေမှာ ပိတ်စအကြွင်းအကျန်တွေ၊ ပိုလျှံတွေ ရောင်းချတတ်တာကို သတိထားပြီး ရှာဖွေတတ်ဖို့ လိုပါတယ်။”

(ii) အကြွင်းအကျန်များ / ပိုလျှံများ (Remnants / Deadstock): အထည်ချုပ်စက်ရုံတွေ၊ ဒီဇိုင်းကုမ္ပဏီတွေက ပစ်ပယ်ထားတဲ့ ပိတ်စအကြွင်းအကျန်တွေ (deadstock fabrics) ဟာ တကယ်တော့ ရတနာတွေပါပဲ။ အရည်အသွေးကောင်းပြီး စျေးအလွန်သက်သာစွာ ရနိုင်ပါတယ်။ တခါတရံမှာ ဒီလိုပိတ်စတွေက စျေးကွက်ထဲမှာ မရှိတော့တဲ့ ပုံစံတွေ၊ အရောင်တွေ ဖြစ်နေတတ်တာကြောင့် သင့်ဒီဇိုင်းကို ထူးခြားစေပါတယ်။

(iii) အရောင်းမြှင့်တင်ရေး (Sales & Discounts): အထည်အလိပ်ဆိုင်တွေရဲ့ အရောင်းပွဲတော်တွေ၊ အထူးလျှော့စျေးတွေ၊ ရာသီကုန် လျှော့စျေးတွေမှာ စောင့်ပြီး ဝယ်ယူနိုင်ပါတယ်။ ဒါမျိုးတွေက ပုံမှန်စျေးထက် အများကြီး သက်သာပါတယ်။

(iv) အွန်လိုင်းစျေးဝယ်ခြင်း (Online Shopping): တစ်ခါတစ်ရံ အွန်လိုင်းကနေ ဝယ်ယူတာက စျေးပိုသက်သာနိုင်ပေမယ့်၊ ပိတ်စရဲ့ အရည်အသွေး၊ အသားနဲ့ အရောင်ကို ကိုယ်တိုင် မြင်တွေ့ထိတွေ့ခွင့်မရတာကြောင့် သေချာဂရုစိုက်ပြီး ဝယ်ယူဖို့ လိုအပ်ပါတယ်။ နမူနာလေးတွေ မှာယူကြည့်တာမျိုး လုပ်နိုင်ပါတယ်။

2. စမတ်ကျသော ဝယ်ယူမှု နည်းဗျူဟာများ (Smart Buying Strategies):

(i) လက်ကားဝယ်ယူခြင်း (Buying in Bulk): ပရောဂျက်ကြီးတွေ၊ ဒါမှမဟုတ် ဒီဇိုင်းတစ်ခုအတွက် ပိတ်စအများအပြား လိုအပ်တယ်ဆိုရင် လက်ကားစျေးနဲ့ ဝယ်ယူတာက ပိုပြီး လျှော့စျေးရနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး ဝယ်ယူတာမျိုးလည်း လုပ်နိုင်ပါတယ်။

(ii) ဈေးဆစ်ခြင်း (Bargaining): မြန်မာ့ယဉ်ကျေးမှုအရ ဒေသဈေးတွေနဲ့ သာမန်ဆိုင်တွေမှာ ဈေးဆစ်တာဟာ ပုံမှန်ပါပဲ။ ကိုယ်လိုချင်တဲ့ စျေးနှုန်းတစ်ခုရဖို့ စမတ်ကျကျ ဈေးဆစ်တတ်ဖို့ လိုပါတယ်။

(iii) အချိန်ကိုက် ဝယ်ယူခြင်း (Timing Your Purchases): ပိတ်စဆိုင်တွေဟာ ရာသီအလိုက် အရောင်းမြှင့်တင်မှုတွေ လုပ်လေ့ရှိပါတယ်။ ဒီလိုအချိန်တွေကို စောင့်ပြီး ဝယ်ယူတာကလည်း စျေးသက်သာစေပါတယ်။

3. အခြားရွေးချယ်စရာ ပိတ်စများ (Fabric Alternatives):

(i) ပိတ်စရောစပ်ခြင်း (Blended Fabrics): သဘာဝအမျှင်နဲ့ ဓာတုအမျှင် ရောစပ်ထားတဲ့ ပိတ်စတွေက စျေးပိုသက်သာပြီး ဂုဏ်သတ္တိများစွာကို ပေါင်းစပ်ပေးနိုင်ပါတယ်။ ဥပမာ- ချည်နဲ့ ပိုလီအက်စတာ (Cotton-Poly blends) ရောစပ်ထားတဲ့ ပိတ်စတွေက ချည်သားရဲ့ သက်တောင့်သက်သာရှိမှုနဲ့ ပိုလီအက်စတာရဲ့ အရေးအကြောင်းခံနိုင်မှု၊ ခိုင်ခံ့မှုတွေကို ရရှိစေပါတယ်။

(ii) ပြန်လည်အသုံးပြုခြင်း / ပြောင်းလဲဖန်တီးခြင်း (Upcycling / Repurposing):အဟောင်းကနေ အသစ်ဖန်တီးတာဟာ ဘတ်ဂျက်ကို ချွေတာရာရောက်သလို၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ကာကွယ်ရာရောက်ပါတယ်။
ဥပမာ:” အမအနေနဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခု ရှိပါတယ်။ အမတို့ကျောင်းသားတစ်ဦးဟာ သူ့အဖွားရဲ့ လက်ထပ်ဝတ်စုံအဟောင်းကို ခေတ်မီတဲ့ ဂါဝန်လေးအဖြစ် ပြောင်းလဲပြီး ပြပွဲမှာ ပြသနိုင်ခဲ့ပါတယ်။ အားလုံးက ပိတ်စအသစ်လို့ပဲ ထင်ခဲ့ကြတာပေါ့။ ပိတ်စအဟောင်းကနေ ရတနာအသစ်တစ်ပါး ဖြစ်လာတာဟာ တကယ့်ကို ဖန်တီးမှုပါပဲ။”

အဟောင်းဖြစ်တဲ့ ဂျင်းဘောင်းဘီ၊ ရှပ်အင်္ကျီ၊ ကုလားကာစ၊ ဒါမှမဟုတ် အိပ်ယာခင်းအဟောင်းတွေကိုတောင် သေသေချာချာ သန့်စင်ပြီး စိတ်ကူးရှိသလို ပြန်လည်အသုံးပြုနိုင်ပါတယ်။

4. အရည်အသွေးနှင့် ပမာဏ (Quality vs. Quantity):

ဒီနေရာမှာ “စျေးကြီးတိုင်း ကောင်းတာမဟုတ်ဘူး၊ စျေးပေါတိုင်း မကောင်းတာမဟုတ်ဘူး” ဆိုတာကို မှတ်ထားပါ။

(i) ဘယ်အချိန်မှာ စျေးကြီးတဲ့ပိတ်စကို ရင်းနှီးမြှုပ်နှံသင့်သလဲ။

▪️ကြာရှည်ခံလိုတဲ့ အဝတ်အစားတွေ (ဥပမာ- ကုတ်အင်္ကျီ၊ ပွဲတက်ဝတ်စုံ)

▪️ဒီဇိုင်းရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ ပိတ်စ (ဥပမာ- ဂါဝန်ရဲ့ အဓိကကိုယ်ထည်)

▪️အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ပြီး သက်တောင့်သက်သာရှိဖို့ လိုအပ်တဲ့ ပိတ်စ (ဥပမာ- အတွင်းခံ၊ ကလေးဝတ်စုံ)

(ii) ဘယ်အချိန်မှာ စျေးသက်သာတဲ့ပိတ်စကို သုံးသင့်သလဲ။

▪️လိုင်းနင် (lining) အတွက်
▪️ဒီဇိုင်းစမ်းသပ်ချုပ်ဖို့ (toile/muslin) အတွက်

▪️ဖက်ရှင်ရေစီးကြောင်းမြန်တဲ့ (fast fashion) ဒီဇိုင်းတွေအတွက်

▪️သေးငယ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ (ဥပမာ- အိတ်၊ ခေါင်းစည်းကြိုး) အတွက်

▪️ကိုယ့်ဒီဇိုင်းနဲ့ ဘတ်ဂျက်အတွက် အသင့်တော်ဆုံးကို ရွေးချယ်နိုင်ဖို့က အရေးကြီးဆုံးပါပဲ။ တခါတလေ စျေးပေါတဲ့ ပိတ်စနဲ့ အကောင်းဆုံး ဒီဇိုင်းကို ဖန်တီးနိုင်တာလည်း ရှိပါတယ်။

(3) လက်တွေ့ကျင့်သုံးရန် အကြံပြုချက်များ (Practical Tips):

1.ပိတ်စနမူနာ စာအုပ် (Fabric Swatch Book): ပိတ်စအမျိုးအစား၊ အရောင်၊ အသား၊ ထူ/ပါး ပုံကျမှု စတာတွေကို မှတ်သားထားတဲ့ ပိတ်စနမူနာစာအုပ်လေးတစ်ခု ပြုလုပ်ပါ။ ဒါက နောင်ဒီဇိုင်းတွေအတွက် ပြန်လည်ကိုးကားဖို့ အလွန်အသုံးဝင်ပါလိမ့်မယ်။

2.လက်ဖြင့် ထိတွေ့ခံစားပါ (Touch and Feel): ပိတ်စတွေကို လက်နဲ့ ထိတွေ့ခံစားပြီး အသားကို ခွဲခြားတတ်အောင် လေ့ကျင့်ပါ။ ပိတ်စရဲ့ အိကျမှု၊ တင်းမာမှု၊ နူးညံ့မှုတွေကို ခံစားတတ်ဖို့ အရေးကြီးပါတယ်။

3.ပရောဂျက်အသေးစားများ လုပ်ဆောင်ပါ (Project-based Learning): ပိတ်စအမျိုးမျိုးကို သုံးပြီး ပိုက်ဆံအိတ်လေးတွေ၊ ခေါင်းစည်းကြိုးတွေ၊ အင်္ကျီအိတ်ကပ်လေးတွေလို သေးငယ်တဲ့ ပရောဂျက်လေးတွေ လုပ်ကြည့်ပါ။ ဒါက ပိတ်စအမျိုးအစားအလိုက် ချုပ်လုပ်ရခက်ခဲမှုနဲ့ အသားပေးမှုတွေကို သိရှိစေပါလိမ့်မယ်။

4.လေ့လာရေး ခရီးစဉ် (Research Visits):အထည်အလိပ်ဆိုင်တွေ၊ ဈေးတွေ၊ စက်ရုံတွေကို သွားရောက်လေ့လာပြီး ပိတ်စအမျိုးအစားတွေ၊ ဈေးနှုန်းတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ စုဆောင်းပါ။ ဈေးသည်တွေနဲ့ စကားပြောပြီး အချက်အလက်တွေ မေးမြန်းနိုင်ပါတယ်။

အထည်အလိပ်ရွေးချယ်ခြင်းဟာ ဒီဇိုင်နာတစ်ဦးရဲ့ အရေးကြီးဆုံး စွမ်းရည်တွေထဲက တစ်ခုပါပဲ။ ပိတ်စအမျိုးအစားတွေကို သိရှိနားလည်ခြင်း၊ ကိုယ့်ဒီဇိုင်းနဲ့ လိုက်ဖက်အောင် ရွေးချယ်တတ်ခြင်း၊ ဘတ်ဂျက်ကို ထိန်းချုပ်ပြီး စမတ်ကျကျ ဝယ်ယူတတ်ခြင်းတို့က ပရော်ဖက်ရှင်နယ် ဒီဇိုင်နာတစ်ဦး ဖြစ်လာအောင် များစွာ ကူညီပါလိမ့်မယ်။

ဘတ်ဂျက် ကန့်သတ်ချက်တွေရှိနေပေမယ့်လည်း ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းတွေကို လျှော့မတွက်ပါနဲ့။ Rei Kawakubo လိုပဲ၊ စိန်ခေါ်မှုတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲပြီး ကိုယ်ပိုင် ဖက်ရှင်လမ်းကြောင်းကို တည်ဆောက်နိုင်ပါစေလို့ဆုတောင်းပေးရင်း ဒီသင်ခန်းစာကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်နော်။
အားလုံးပဲ ပျော်ရွှင်စွာ ဖန်တီးနိုင်ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *