🔥 Fashion Business မှာ Sampling အတွက် Pattern တွေကိုဘယ်လိုပြင်ဆင်ကြမလဲ?

ဖက်ရှင်လောကမှာ ဒီဇိုင်းတစ်ခုကို အခက်အခဲပေါင်းစုံနဲ့ ဖန်တီးပြီးမှ နောက်ဆုံးပေါ်လာတဲ့ (Sample) က ကိုယ်စိတ်ကူးထားတာနဲ့ တစ်ထပ်တည်းမကျရင် ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်မလဲ။ ပိုက်ဆံတွေ အချိန်တွေ အကုန်အကျများပြီးမှ အရာမရောက်တာမျိုးဆိုရင် စိတ်ဓာတ်တွေပါ ကျသွားနိုင်တယ်နော်။

ဒီနေ့ ဆွေးနွေးသွားမယ့် အကြောင်းအရာကတော့ ဖက်ရှင်ဒီဇိုင်းလောကမှာ မရှိမဖြစ်လိုအပ်တဲ့၊ ဒါပေမဲ့ တစ်ခါတစ်ရံမှာ လျစ်လျူရှုမိတတ်တဲ့ အရေးကြီးဆုံးအဆင့်တွေထဲက တစ်ခုဖြစ်တဲ့ “နမူနာချုပ်ဖို့အတွက် Pattern တွေကို ဘယ်လိုပြင်ဆင်ရမလဲ” ဆိုတဲ့ ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။

Sampling ဆိုတာ ဘာလဲ။ ဘာကြောင့် အရေးကြီးတာလဲ။

Sampling ဆိုတာကတော့ ကိုယ်ဒီဇိုင်းဆွဲထားတဲ့ ပုံစံတစ်ခုကို ပထမဆုံးအကြိမ် လက်တွေ့ အထည်ချုပ်ကြည့်တာပဲ ဖြစ်ပါတယ်။ ဒါဟာ ဒီဇိုင်းရဲ့ ပုံစံ၊ ကိုယ်ပေါ်မှာ လိုက်ဖက်မှု (fit)၊ ချုပ်လုပ်ပုံအသေးစိတ်တွေ မှန်ကန်ရဲ့လားဆိုတာကို စစ်ဆေးတာပါ။ ဖက်ရှင်ပြပွဲတွေမှာ ပြသဖို့ပဲဖြစ်ဖြစ်၊ ကုန်သွယ်လုပ်ငန်းအတွက် အမြောက်အများ ထုတ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ ဒီနမူနာချုပ်ကသာလျှင် အနာဂတ်ရဲ့ အောင်မြင်မှုကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ နမူနာမချုပ်ခင် Patternတွေကို သေချာပြင်ဆင်ဖို့ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အဆင့်တစ်ခုပါ။ဘာလို့လဲဆိုတော့…

အချိန်နဲ့ ငွေကုန်ကြေးကျ သက်သာစေတယ်

Patternအဆင့်မှာ အမှားအယွင်းတွေကို ပြင်ဆင်တာက အထည်ချုပ်ပြီးမှ ပြင်ဆင်တာထက် အများကြီး သက်သာပါတယ်။ အထည်ချုပ်ပြီးမှ မှားနေလို့ ပြင်ရရင် အထည်ပျက်စီးနိုင်သလို၊ အချိန်ကုန်တာ၊ လူပန်းတာနဲ့ နောက်ဆုံး စရိတ်ပိုတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

တိကျမှန်ကန်မှု

ကိုယ်စိတ်ကူးထားတဲ့ ဒီဇိုင်းအတိုင်း အတိအကျ ပေါ်ထွက်လာဖို့အတွက် Patternပြင်ဆင်မှုဟာ အရေးကြီးဆုံးသော အခြေခံအုတ်မြစ်ပါ။

လုပ်ငန်းခွင်ချောမွေ့မှု – Sample Maker တွေနဲ့ ထုတ်လုပ်မှုအဖွဲ့ (Production Team) တွေအတွက် အလုပ်လုပ်ရတာ ပိုမိုလွယ်ကူစေပြီး ရှုပ်ထွေးမှုတွေ နည်းပါးစေပါတယ်။ကဲ… ဒါဆိုရင် နမူနာချုပ်ဖို့အတွက် ပတ်တန်တွေကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို အဆင့်ဆင့် ဆွေးနွေးကြည့်ရအောင်။

၁။ Master Pattern ကိုအပြီးသတ် စစ်ဆေးခြင်း

ဒီအဆင့်ဟာ ကိုယ့်ရဲ့ ဒီဇိုင်းစိတ်ကူးအိပ်မက်ကို အစပြုမယ့် အဆင့်ဖြစ်ပါတယ်။

ဒီဇိုင်းအသေးစိတ်များ ပြည့်စုံမှု- ကိုယ်ဒီဇိုင်းထုတ်ထားတဲ့ စိတ်ကူးထဲက အစိတ်အပိုင်းတိုင်း (ဥပမာ- ကော်လာပုံစံ၊ ဂျိုင်းပုံစံ၊ အိတ်ပုံစံ၊ ခါးနေရာ၊ Hemline ပုံစံ ကို pattern ပေါ်မှာ အသေးစိတ် မှန်ကန်စွာ ထည့်သွင်းထားပြီးပြီလားဆိုတာ စစ်ဆေးပါ။

တိုင်းတာမှုများ တိကျမှန်ကန်ခြင်း- ရင်၊ ခါး၊ တင်၊ ပခုံးအကျယ်၊ အရှည် စတဲ့ တိုင်းတာမှုတွေဟာ အရွယ်အစားဇယား (Size Chart) နဲ့ ကိုက်ညီရဲ့လားဆိုတာ သေချာစစ်ပါ။ ဒီနေရာမှာ တိုင်းတာမှု တစ်လက်မ၊ နှစ်လက်မလွဲတာနဲ့ တစ်ကိုယ်လုံး ဝတ်ဆင်တဲ့အခါ ကွဲပြားခြားနားသွားနိုင်ပါတယ်။

Seam Allowances ထည့်သွင်းခြင်း- pattern တိုင်းမှာ Seam Allowancesတွေကို မှန်ကန်စွာ ထည့်သွင်းဖို့ မမေ့ပါနဲ့။ ဥပမာ- ဘေးချုပ်ရိုးတွေအတွက် ၁/၂ လက်မ (သို့မဟုတ်) ၅/၈ လက်မ၊ ဇစ်ချုပ်ရိုးအတွက် ၃/၈ လက်မ၊ အောက်နားသားအတွက် ၁-၂ လက်မ စသဖြင့် pattern အမျိုးအစားအလိုက် စံသတ်မှတ်ထားတဲ့ Seam Allowances တွေကို ထည့်သွင်းပေးရပါမယ်။ ဒါဟာ ချုပ်ရမယ့်သူအတွက် အလွန်အရေးကြီးတဲ့ အချက်ပါ။

၂။ ပတ်တန်ပေါ်တွင် မရှိမဖြစ် မှတ်သားမှုများနှင့် အမှတ်အသားများ ပြုလုပ်ခြင်း

ဒီအဆင့်ဟာ pattern ကို စကားပြောတတ်အောင် လုပ်ပေးတာနဲ့ တူပါတယ်။ ဘယ်နေရာ ဘယ်လိုထားပြီး ဘယ်လိုချုပ်ရမလဲဆိုတာကို ဒီအမှတ်အသားတွေက ပြောပြပေးမှာပါ။

Grainlines များ-ဒါက အဝတ်အထည်ရဲ့drape and fit ကို အဆုံးအဖြတ်ပေးမယ့် အရေးကြီးဆုံးအချက်ပါ။ Grainlines သုံးမျိုး ရှိပါတယ်။

Straight Grain (ဆွဲသားမရှိသော Grainlines)- အထည်ရဲ့ အလျားလိုက် Grainlinesဖြစ်ပြီး ပုံမှန်အားဖြင့် ချုပ်လုပ်တဲ့အခါ ဆွဲသားမရှိဘဲ တောင့်တောင့်တင်းတင်း ရှိနေစေတယ်။ ဥပမာ- ဘောင်းဘီရှည်ရဲ့ ခြေထောက်ပိုင်း၊ အင်္ကျီကိုယ်ထည်ရဲ့ အလယ်ပိုင်း။ Grainlinesမှားယွင်းရင် အင်္ကျီက လျှောကျတာ၊ လှည့်သွားတာမျိုး ဖြစ်နိုင်တယ်။

Cross Grain (ဆွဲသားရှိသော Grainlines- အထည်ရဲ့ အနံလိုက် Grainlinesဖြစ်ပြီး အနည်းငယ် ဆွဲသားရှိတတ်တယ်။ ကိုယ်ထည်ရဲ့ ပုံစံကို လိုက်ဖက်အောင် ကူညီပေးတယ်။

Bias Grain (ထောင့်ဖြတ်Grainlines)- Grainlines နှစ်ခုကြား ၄၅ ဒီဂရီ ထောင့်ဖြတ်တည်ရှိပြီး ဆွဲသားအများဆုံး ရှိပါတယ်။ ဒီGrainlinesကို အသုံးပြုပြီး ချုပ်ထားတဲ့ အဝတ်အထည်တွေက ခန္ဓာကိုယ်ပေါ်မှာ ပိုမိုလိုက်ဖက်ပြီး လှပတဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်တယ်။ ဥပမာ- ထောင့်ဖြတ်စကတ် (bias skirt)၊ ကိုယ်ကြပ်ဂါဝန် (bodycon dress) တွေမှာ အများဆုံးသုံးပါတယ်။

အတွေ့အကြုံအရဆိုရင် Grainlinesကို သေချာမမှတ်မိဘဲ pattern ကို အထည်ပေါ်တင်ပြီး ဖြတ်မိရင် တကယ်ချုပ်ပြီးစီးတဲ့အခါ ကိုယ်လိုချင်တဲ့ အဝတ်အထည်ရဲ့ ပုံစံနဲ့ လုံးဝကွဲပြားခြားနားသွားတာမျိုး တွေ့ရတတ်ပါတယ်။ ဥပမာ- စကတ်တစ်ထည်က လိုတာထက်ပိုပြီး ကားသွားတာ၊ ဒါမှမဟုတ် ပုံစံပျက်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် pattern တိုင်းမှာ Grainline ကို dart နဲ့ သေချာမှတ်သားပေးပါ။

Notches (အမှတ်အသားများ)- ဒါတွေက pattern အပိုင်းအစတွေကို တစ်ခုနဲ့တစ်ခု ဆက်စပ်ချုပ်တဲ့အခါ မှန်ကန်စွာ ကိုက်ညီစေဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ အမှတ်အသားလေးတွေပါ။ ချုပ်ရိုးချုပ်သားပေါ်မှာ အမှတ်အသားလေးတွေ ပေးထားတာဖြစ်ပြီး အပ်ချုပ်သူတွေအတွက် လမ်းညွှန်ချက်ကောင်းတစ်ခုပါပဲ။

Drill Holes / Dart Points – pattern ပေါ်မှာ ထားရှိရမယ့် နေရာအတိအကျ (ဥပမာ- ဒေါက်ထောက်ရမယ့် နေရာ၊ ခါးနေရာ၊ အိတ်နေရာ) တွေကို မှတ်သားပေးတာပါ။ ဒါတွေက ဒီဇိုင်းကို အဆုံးအဖြတ်ပေးတဲ့ အဓိကနေရာတွေ ဖြစ်ပါတယ်။

Fold Lines (ခေါက်ရိုးမျဉ်းများ)- အထည်ကို ခေါက်ပြီး ဖြတ်ရမယ့် နေရာတွေကို ဖော်ပြပေးတဲ့ မျဉ်းတွေပါ။ ဥပမာ- အင်္ကျီကိုယ်ထည်ရဲ့ အရှေ့အလယ်၊ ဒါမှမဟုတ် နောက်ကျောအလယ်၊ လက်ပတ် အစရှိတဲ့ နေရာတွေမှာ အညီအမျှဖြစ်ဖို့အတွက် ခေါက်ရိုးမျဉ်းနဲ့ ဖြတ်တာမျိုးပါ။

Button / Buttonhole / Pocket Placements (ကြယ်သီး / ကြယ်သီးဖောက် / အိတ်နေရာများ)-ဒီနေရာတွေကို pattern ပေါ်မှာ အတိအကျ မှတ်သားပေးပါ။ ဒီလိုမဟုတ်ရင် ကြယ်သီးတွေက မညီမညာဖြစ်တာ၊ အိတ်က လိုတာထက် အောက်ရောက်သွားတာမျိုး ဖြစ်နိုင်ပြီး အထည်ရဲ့ အသွင်အပြင်ကို ထိခိုက်စေနိုင်ပါတယ်။

Pattern Piece Names, Size, Quantity, Fabric Type (ပတ်တန်အပိုင်းအမည်၊ အရွယ်အစား၊ အရေအတွက်၊ အထည်အမျိုးအစား)-pattern တစ်ခုစီမှာ ဒါတွေအားလုံးကို ရှင်းလင်းစွာ ရေးမှတ်ထားရပါမယ်။ ဥပမာ- “ရှေ့ကိုယ်ထည် – Size M – မိမိအထည် ၂ ခုဖြတ်ရန်” (Front Bodice – Size M – Cut 2 Self Fabric) စသဖြင့်ပေါ့။ ဒါက ချုပ်မယ့်သူ (Sample Maker) နဲ့ အထည်ဖြတ်မယ့်သူ (Cutter) အတွက် အလုပ်ကို ပိုမိုလွယ်ကူစေပြီး အမှားအယွင်း နည်းပါးစေပါတယ်။

၃။ Pattern Side seamline များကို ပြန်လည်စစ်ဆေးခြင်း

ဒီအဆင့်ဟာ pattern ရဲ့ ဘေးဆက်‌ကြောင်းတွေကို တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး ပြန်လည်စစ်ဆေးတာပါ။ ချုပ်ရိုးချုပ်သားတွေရဲ့ အရှည်တွေဟာ တစ်ခုနဲ့တစ်ခု ချုပ်လိုက်တဲ့အခါ မှန်ကန်စွာ ကိုက်ညီရဲ့လားဆိုတာကို စစ်ဆေးတာ ဖြစ်ပါတယ်။တစ်ခါတလေ ဒီဇိုင်းတစ်ခုကို ချုပ်ပြီးစီးသွားမှ ကိုယ်လိုချင်တဲ့ ပုံစံမထွက်တာ၊ ရင်ဘတ်ဆက်‌ကြောင်းနဲ့ နောက်ကျောချုပ်ရိုး မညီလို့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်မှုမရှိတာမျိုးတွေ ကြုံရတတ်တယ်။ ဒါက Pattern Truing ကို သေချာမလုပ်မိလို့ ဖြစ်နိုင်ပါတယ်။pattern နှစ်ခုကို ဘေးဆက်ကြာင်းတစ်လျှောက် တစ်ခုချင်းစီ ထပ်ပြီး စစ်ကြည့် ရပါတယ်။ ဥပမာ- ရှေ့ကိုယ်ထည်ရဲ့ ဘေးချုပ်ရိုးကို နောက်ကျောကိုယ်ထည်ရဲ့ ဘေးချုပ်ရိုးနဲ့ တိုက်ဆိုင်စစ်ဆေးတာ၊ လက်ရဲ့ လက်မောင်းတဝိုက်ကို အင်္ကျီကိုယ်ထည်ရဲ့ ဂျိုင်းပေါက်နဲ့ တိုက်ဆိုင်စစ်ဆေးတာမျိုးတွေ လုပ်ရပါမယ်။ အဝိုက်နေရာတွေ (ဥပမာ- လည်ပင်း၊ဂျိုင်းပေါက်) မှာ ချောမွေ့မှုရှိမရှိကို သေချာစစ်ပါ။

၎။ Pattern Card (သို့မဟုတ်) Spec Sheet (သတ်မှတ်ချက်စာရွက်) ပြုလုပ်ခြင်း

ဒါက pattern နဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်အားလုံးကို စုစည်းမှတ်တမ်းတင်ထားတဲ့ စာရွက်တစ်ရွက် ဖြစ်ပါတယ်။ ဒီကတ်ပြားကို ပတ်တန်နဲ့အတူတွဲပြီး ပေးပို့ရပါတယ်။ ဘာတွေပါဝင်မလဲဆိုတော့-

Pattern Number / Name (ပတ်တန်နံပါတ် / အမည်)- ဒီဇိုင်းတစ်ခုစီအတွက် သီးခြားနံပါတ် သို့မဟုတ် အမည်ပေးပါ။

Style Number (စတိုင်လ်နံပါတ်)-ဖက်ရှင်စတိုင်လ်ရဲ့ နံပါတ်။

Size Range (အရွယ်အစားအလိုက်)- ဘယ်အရွယ်အစား (XS, S, M, L, XL, etc.) တွေအတွက် ဖြစ်လဲ။

Fabric Type (အထည်အမျိုးအစား)- ဘယ်လိုအထည်မျိုး (ဥပမာ- ချည်၊ ဖဲ၊ ပိုး) နဲ့ ချုပ်ရမှာလဲဆိုတာ ဖော်ပြပါ။

Date (ရက်စွဲ)- pattern လုပ်တဲ့ ရက်စွဲ။Designer / Pattern Maker (ဒီဇိုင်နာ / ပတ်တန်ဖန်တီးသူ)- ဘယ်သူက ဒီဇိုင်းထုတ်ပြီး ဘယ်သူက pattern ဖန်တီးတာလဲ။

Special Instructions (အထူးညွှန်ကြားချက်များ)– ဥပမာ- အပ်ချုပ်ရာမှာ သတိထားရမယ့် အချက်တွေ၊ အထည်ဖြတ်တဲ့အခါ သတိထားရမယ့် အချက်တွေ၊ ချုပ်ရိုးအမျိုးအစား (ဥပမာ- French seam, Flat-felled seam) စသဖြင့် အသေးစိတ် ညွှန်ကြားချက်တွေ ထည့်သွင်းပေးပါ။

၅။ တံဆိပ်ကပ်ခြင်းနှင့် စနစ်တကျထားသိုခြင်း(Labeling and Organization)

Pattern အပိုင်းအစတိုင်းမှာ ရှင်းလင်းတဲ့ တံဆိပ်တွေ ကပ်ထားပါ။ ဥပမာ- “ရှေ့ကိုယ်ထည် – လက်မောင်းပိုင်း – M size” စသဖြင့်ပေါ့။ ပြီးရင် pattern တွေကို အရွယ်အစားအလိုက်၊ ဒီဇိုင်းအလိုက် စနစ်တကျ ခွဲခြားပြီး သိမ်းဆည်းပါ။ ဒါမှ ရှာဖွေရလွယ်ကူပြီး အချိန်ကုန်သက်သာမှာပါ။

၆။ Digital Patterns နှင့်Manual Patterns

ဒီနေ့ခေတ်မှာ ဖက်ရှင်ဒီဇိုင်းလောကဟာ နည်းပညာနဲ့ ပိုမိုနီးစပ်လာပါတယ်။Manual Patterns-လက်နဲ့ဆွဲတဲ့ pattern တွေမှာတော့ အပေါ်မှာ ဆွေးနွေးခဲ့တဲ့ အမှတ်အသားတွေအားလုံးကို ခဲတံ (သို့မဟုတ်) ဘောပင်နဲ့ သေချာရေးဆွဲမှတ်သားပေးရပါမယ်။ ပြီးရင် မပျက်စီးအောင် သေချာထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

Digital Patterns- CAD (Computer-Aided Design) software တွေနဲ့ ဖန်တီးထားတဲ့ pattern တွေမှာဆိုရင် အထက်ပါ အချက်အလက်တွေအားလုံးကို Software ထဲမှာပဲ ထည့်သွင်းမှတ်သားနိုင်ပြီး ပိုမိုတိကျလွယ်ကူစေပါတယ်။ Print ထုတ်တဲ့အခါမှာလည်း အလိုအလျောက် အမှတ်အသားတွေ ပါလာပါတယ်။

၇။ နမူနာချုပ်မပို့မီ နောက်ဆုံးအဆင့် စစ်ဆေးခြင်း(Pre-production Checklist)

Pattern တွေကို Sample Room ဆီ မပို့ခင် နောက်ဆုံးအကြိမ် ပြန်လည်စစ်ဆေးပါ။ pattern အပိုင်းအစအားလုံး ပြည့်စုံရဲ့လား။ အမှတ်အသားတွေအားလုံး ရှင်းရှင်းလင်းလင်း ရှိရဲ့လား။Seam allowance တွေ မှန်ကန်ရဲ့လား။Grainlines တွေ မှန်ကန်တဲ့နေရာမှာ ရှိရဲ့လား။ Pattern Card/Spec Sheet ပြည့်စုံရဲ့လား။အထည်ချုပ်ခြင်းရဲ့ အဓိကဟာ Sample ထုတ်ခြင်းက စတယ်ဆိုတာ မမေ့ပါနဲ့။

ဖက်ရှင်ဒီဇိုင်းလောကမှာ အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက် ဖြစ်လာဖို့ဆိုတာ တီထွင်ဖန်တီးနိုင်မှု တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ အသေးစိတ်ကို ဂရုစိုက်မှု၊ အလုပ်တစ်ခုကို စနစ်တကျ လုပ်ဆောင်တတ်မှုတွေဟာလည်း အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်တွေထဲမှာ ပါဝင်ပါတယ်။pattern ဖန်တီးခြင်းနဲ့ pattern ပြင်ဆင်ခြင်းဆိုတာ ဖက်ရှင်ဒီဇိုင်းလုပ်ငန်းရဲ့ Silent Hero တွေပါပဲ။ ဒီအဆင့်တွေက မှန်ကန်တိကျလေလေ၊ နောက်ဆုံးထွက်လာတဲ့ အထည်ကလည်း ကိုယ်စိတ်ကူးထားတဲ့အတိုင်း ပိုပြီး ပြည့်စုံလေလေ ဖြစ်မှာပါ။

ဒါကြောင့် ဒီနေ့ သင်ခန်းစာကနေရရှိတဲ့ အသိပညာတွေကို လက်တွေ့အသုံးချပြီး ဖက်ရှင်လောကအတွက် အရည်အသွေးမြင့်မားတဲ့၊ လှပတဲ့ ဒီဇိုင်းတွေကို ဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အမြဲတမ်း သင်ယူလေ့လာပြီး လက်တွေ့ကျင့်သုံးရင်း အောင်မြင်မှုတွေကို ကိုယ်တိုင် ဖန်တီးနိုင်ကြပါစေလို့ မှာကြားရင်း နိဂုံးချုပ်လိုက်ပါတယ်နော်။အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *