🔥 Fashion Designer တွေရဲ့ Secret Tips တွေဖြစ်တဲ့ Pattern Adjustment ဆိုတာဘာလဲ?

ဖက်ရှင်လောကမှာ လှပတဲ့ ဒီဇိုင်းတစ်ခုကို စက္ကူပေါ်မှာ ရေးဆွဲနိုင်ရုံနဲ့ မလုံလောက်ပါဘူး။ အဲ့ဒီဒီဇိုင်းကို လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာ ဝတ်ဆင်သူရဲ့ ကိုယ်ခန္ဓာနဲ့ လိုက်ဖက်ညီပြီး သက်တောင့်သက်သာဖြစ်ဖို့က အရေးကြီးဆုံး အချက်တစ်ချက်ပါ။ အဲ့ဒီလို ကိုယ်ခန္ဓာနဲ့ အံဝင်ခွင်ကျ ဖြစ်စေဖို့ အဓိကသော့ချက်ကတော့ ဒီနေ့ ဆွေးနွေးကြမယ့် “Pattern Adjustments” ဆိုတဲ့ အနုပညာနဲ့ ကျွမ်းကျင်မှုပဲ ဖြစ်ပါတယ်။ဒီနေ့မှာ Pattern Adjustments ဟာ ဒီဇိုင်နာတစ်ဦးရဲ့ Super Skill ဘာကြောင့်ဖြစ်လာရတယ်ဆိုတာကို အသေးစိတ် ဆွေးနွေးသွားကြရအောင်။

(1) Pattern Adjustmentsဆိုတာ ဘာလဲ၊ ဘာကြောင့် အရေးပါသလဲ?

1.Pattern Adjustmentsဆိုတာ ဘာလဲ။

Pattern Adjustmentsဆိုတာကတော့ ပုံမှန် ကိုယ်ခန္ဓာတိုင်းတာမှုတွေနဲ့ ချုပ်ထားတဲ့ (Standard Pattern) တစ်ခုကို ဝတ်ဆင်မယ့်သူရဲ့ ကိုယ်ခန္ဓာ အချိုးအစား (ဥပမာ- ရင်၊ ခါး၊ တင် အချိုးအစား၊ ပခုံးအကျယ်၊ ကိုယ်အရှည် စတာတွေ) နဲ့ ကိုယ်နေဟန်ထား (Posture) တွေပေါ် မူတည်ပြီး လိုအပ်သလို ဖြည့်တင်းခြင်း၊ လျှော့ချခြင်း၊ ရှည်ခြင်း၊ တိုခြင်း အစရှိသဖြင့် ပြုပြင်ပြောင်းလဲပေးတာကို ဆိုလိုပါတယ်။

(2) ဘာကြောင့် Pattern Adjustments ဟာ ဒီဇိုင်နာတစ်ဦးရဲ့ “စွမ်းရည်” ဖြစ်လာရတာလဲ?

ဖက်ရှင်လောကမှာ ကိုယ်ခန္ဓာ အမျိုးအစားပေါင်းစုံနဲ့ လူပုဂ္ဂိုလ်တစ်ဦးစီရဲ့ ကိုယ်နေဟန်ထားက မတူညီကြပါဘူး။ ဒါကြောင့် “One size fits all” ဆိုတဲ့ စနစ်က ဖက်ရှင်မှာ ဘယ်တော့မှ အလုပ်မဖြစ်ပါဘူး။ ဒီနေရာမှာ Pattern Adjustments ရဲ့ အရေးပါမှုက ပေါ်လွင်လာပါတယ်။

1.ဖောက်သည် စိတ်ကျေနပ်မှု (Customer Satisfaction) ကို အမြင့်ဆုံး ရယူနိုင်ခြင်း။

ဒီဇိုင်နာတွေရဲ့ အဓိက ရည်ရွယ်ချက်က ဖောက်သည်တွေကို လှပတဲ့၊ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေ ဖန်တီးပေးဖို့ပါပဲ။ ကိုယ်ခန္ဓာနဲ့ ကွက်တိကျတဲ့ အဝတ်အစားက ဖောက်သည်ကို ယုံကြည်မှု (Confidence) ပေးစွမ်းပြီး ပိုမိုလှပစေပါတယ်။ ဥပမာ- ရင်သားကြီးသူတစ်ဦးအတွက် ရင်သားနေရာ မကျပ်အောင်၊ ဒါမှမဟုတ် ရင်သားသေးသူတစ်ဦးအတွက် ရင်ဘတ်နေရာ လွတ်နေတာမျိုး မဖြစ်အောင် ပုံစံခွက်ကို မှန်မှန်ကန်ကန် ချိန်ညှိပေးနိုင်ခြင်းအားဖြင့် ဝတ်ဆင်သူဟာ “ဒီအဝတ်အစားက ကိုယ့်အတွက်ပဲ ချုပ်ထားတာပဲ” လို့ ခံစားရပါလိမ့်မယ်။ ဒီလို ခံစားမှုက ဖောက်သည်ရဲ့ စိတ်ကျေနပ်မှုကို အမြင့်ဆုံးထိ ရောက်ရှိစေပါတယ်။

2.ကိုယ်ပိုင် ဖန်တီးနိုင်စွမ်း (Creative Freedom) ကို မြှင့်တင်ပေးခြင်း။

ဒီဇိုင်နာတွေဟာ အဝတ်အစားတွေကို ရိုးရှင်းတဲ့ pattern တွေထဲမှာပဲ ပိတ်လှောင်မထားဘဲ၊ ဝတ်ဆင်သူရဲ့ ကိုယ်ခန္ဓာ အချိုးအကွေးနဲ့ ကိုက်ညီတဲ့ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပုံစံတွေကို ဖန်တီးနိုင်ပါတယ်။ ပုံစံခွက် ချိန်ညှိမှု ကျွမ်းကျင်ခြင်းအားဖြင့် စံသတ်မှတ်ထားတဲ့ pattern တွေရဲ့ ကန့်သတ်ချက်ကနေ လွတ်မြောက်ပြီး ကိုယ့်ရဲ့ ဒီဇိုင်းအမြင်တွေကို ပိုမိုကျယ်ပြန့်စွာ ဖော်ထုတ်နိုင်ပါလိမ့်မယ်။ ဥပမာ- ခါးတိုသူတစ်ဦးအတွက် Bodice (ကိုယ်ပိုင်း) အရှည်ကို ချိန်ညှိပေးခြင်းအားဖြင့် ခါးနေရာက အထက်အောက် ရွေ့နေတာမျိုး မဖြစ်တော့ဘဲ ပိုမိုလှပတဲ့ ဒီဇိုင်းကို ဖန်တီးနိုင်ပါလိမ့်မယ်။

3.Reducing Fabric Waste & Cost Saving

Pattern Adjustments မှာ ကျွမ်းကျင်လာတဲ့အခါ အစမ်းချုပ်ကြည့်ခြင်း (Toile/Muslin) အဆင့်မှာတင် ကောင်းမွန်တဲ့ အံဝင်ခွင်ကျမှု (Fit) ကို ရရှိစေပါတယ်။ ဒါ့ကြောင့် နောက်ဆုံး ထုတ်ကုန်ချုပ်လုပ်တဲ့အခါ အမှားအယွင်း နည်းပါးပြီး ပြန်လည်ပြင်ဆင်ရတာမျိုး၊ ပိတ်စတွေ ဖြုန်းတီးတာမျိုး မရှိတော့တဲ့အတွက် ကုန်ကျစရိတ်ကိုလည်း ချွေတာနိုင်ပါတယ်။ ဒါဟာ ရေရှည်တည်တံ့တဲ့ ဖက်ရှင် (Sustainable Fashion) အတွက်လည်း အထောက်အကူပြုပါတယ်။

4.ကုန်အမှတ်တံဆိပ် ဂုဏ်သိက္ခာ (Brand Reputation) ကို တည်ဆောက်နိုင်ခြင်း။

“ဒီဇိုင်နာ (သို့မဟုတ်) ဒီ Brand က ချုပ်လိုက်ရင် ကိုယ်နဲ့ ကွက်တိပဲ၊ Fit အရမ်းကောင်းတယ်” ဆိုတဲ့ နာမည်ကောင်းကို ရရှိစေပါတယ်။ အရည်အသွေးမြင့်ပြီး ကိုယ်ခန္ဓာနဲ့ လိုက်ဖက်တဲ့ အဝတ်အစားတွေကို အမြဲဖန်တီးပေးနိုင်ခြင်းအားဖြင့် ကိုယ့် ရဲ့ Brand ဟာ ဖက်ရှင်လောကမှာ ထင်ရှားကျော်ကြားလာပြီး ဖောက်သည်တွေရဲ့ ယုံကြည်မှုကို ရရှိစေပါလိမ့်မယ်။

5. ပြဿနာ ဖြေရှင်းနိုင်စွမ်း (Problem-Solving Skill) ကို မြှင့်တင်ပေးခြင်း။

ဖောက်သည်တိုင်းမှာ ကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့ ပြဿနာလေးတွေ တစ်ခုမဟုတ် တစ်ခု ရှိတတ်ပါတယ်။ ဥပမာ- ပခုံးကျယ်တာ၊ ကျဉ်းတာ၊ ခါးကော့တာ၊ ရှေ့ကို ကိုင်းတာ စတဲ့ ကိုယ်နေဟန်ထား ပြဿနာများ။ ဒီဇိုင်နာတစ်ဦးအနေနဲ့ ဒီလိုပြဿနာတွေကို ပုံစံခွက် ချိန်ညှိခြင်း ပညာရပ်နဲ့ ဖြေရှင်းပေးနိုင်ခြင်းဟာ ကိုယ့်ရဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို ပိုမိုတိုးတက်စေပါတယ်။

(3) အသုံးများသော Pattern Adjustments အမျိုးအစားများ

အခု ကိုယ်တိုင် သိထားသင့်တဲ့ အသုံးအများဆုံး Pattern Adjustments အမျိုးအစားတွေကို ရှင်းပြပေးပါမယ်။ ဒီ Pattern Adjustments တွေဟာ ပုံမှန်အားဖြင့် လူအများစုမှာ ကြုံတွေ့ရတတ်တဲ့ ကိုယ်ခန္ဓာ ကွာဟချက်တွေကို ပြင်ဆင်ပေးနိုင်ပါတယ်။

1.Bust Adjustments – FBA/SBA

    ဒီချိန်ညှိမှုက ရင်ဘတ်နေရာမှာ အဖြစ်အများဆုံး ပြဿနာတွေကို ဖြေရှင်းပေးပါတယ်။

    ပြဿနာ Sample pattern က ရင်သားအရွယ်အစား ပိုကြီးတဲ့သူတွေအတွက်ဆိုရင် ရင်ဘတ်နေရာမှာ ကျပ်ပြီး ရင်ဖုံးတွေဟလာတာ၊ ဒါမှမဟုတ် ချုပ်ရိုးတွေ ပိုတင်းပြီး ဆွဲနေတာမျိုး ဖြစ်တတ်ပါတယ်။

    ▪️Full Bust Adjustment (FBA – ရင်သားကြီးသူများအတွက် ချိန်ညှိခြင်း)-

    ဖြေရှင်းနည်း-ပုံစံခွက်ရဲ့ ရင်ဘတ်နေရာကို လိုအပ်သလောက် ချဲ့ပေးပြီး (Dart) ရဲ့ အရွယ်အစားနဲ့ နေရာကိုပါ ပြင်ဆင်ပေးရပါတယ်။

    ▪️Small Bust Adjustment (SBA – ရင်သားသေးသူများအတွက် ချိန်ညှိခြင်း):

    ပြဿနာ- ရင်သားသေးတဲ့သူတွေအတွက်ဆိုရင် ရင်ဘတ်နေရာက အရမ်းကျယ်နေပြီး ချုပ်ရိုးတွေတွန့်နေတာ၊ ဒါမှမဟုတ် လှပတဲ့ အချိုးအကွေ့ မရတာမျိုး ဖြစ်တတ်ပါတယ်။

    ဖြေရှင်းနည်း-Pattern ရဲ့ ရင်ဘတ်နေရာကို လိုအပ်သလောက် ကျဉ်းပေးပြီး ရင်Dart ကိုလည်း လိုအပ်သလို လျှော့ချပေးရပါတယ်။

    2.ခါးနှင့် တင်ပါး ချိန်ညှိခြင်း (Waist and Hip Adjustments)

    ကိုယ်ခန္ဓာပုံစံ အမျိုးမျိုးအတွက် ခါးနဲ့ တင်ပါး အချိုးအစား မတူညီမှုကို ချိန်ညှိပေးရပါတယ်။

    ပြဿနာ- နာရီသဲအိုးပုံ ကိုယ်လုံး (Hourglass)၊ သစ်တော်သီးပုံ (Pear-shaped)၊ ပန်းသီးပုံ (Apple-shaped) စတဲ့ ကိုယ်လုံးတွေမှာ ခါးနဲ့ တင်ပါးရဲ့ အချိုးအစားက မတူကြပါဘူး။ စံပုံစံခွက်တစ်ခုတည်းနဲ့ အကုန်လုံးကို အံဝင်ခွင်ကျဖြစ်ဖို့ မလွယ်ပါဘူး။

    ဖြေရှင်းနည်း- ခါးနေရာကို လျှော့ခြင်း/ချဲ့ခြင်း၊ တင်ပါးနေရာကို လျှော့ခြင်း/ချဲ့ခြင်းဖြင့် ဝတ်ဆင်သူရဲ့ ကိုယ်ခန္ဓာ အချိုးအစားအလိုက် ကွက်တိကျအောင် ပြင်ဆင်ပေးရပါတယ်။ Side seam (ဘေးချုပ်ရိုး) တွေမှာ ပြင်ဆင်တာ၊ ဒါမှမဟုတ် Dart တွေကို ထည့်ခြင်း/ဖယ်ရှားခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။

    3. ပခုံး ချိန်ညှိခြင်း (Shoulder Adjustments)

    ပခုံးအကျယ်နဲ့ ပခုံး (Slope) ကွာခြားမှုတွေအတွက် ပြင်ဆင်ပေးပါတယ်။

    ပြဿနာ- ပခုံးကျယ်တဲ့သူဆိုရင် ချုပ်ရိုးက ပခုံးပေါ်မှာ မကျဘဲ အပြင်ကို လျှောကျနေတတ်ပြီး၊ ပခုံးကျဉ်းတဲ့သူဆိုရင်တော့ ချုပ်ရိုးက ပခုံးရဲ့ အပြင်ဘက်ကို ရောက်နေတတ်ပါတယ်။ ဒါ့အပြင် Sloped Shoulder ဒါမှမဟုတ် ပခုံးပြန့်သူ (Square Shoulder) တွေအတွက်လည်း Pattern ကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပေးရပါတယ်။

    ဖြေရှင်းနည်း- ပခုံးရဲ့ အကျယ်ကို ဖြတ်ထုတ်ခြင်း/ဖြည့်တင်းခြင်းနဲ့ ပခုံး measurement ကို တိုးခြင်း/လျှော့ခြင်းတို့ဖြင့် ပြင်ဆင်နိုင်ပါတယ်။ ဒါမှ ရှေ့ခြမ်းနဲ့ နောက်ခြမ်းရဲ့ ပခုံးအကျယ် ချိန်ညှိမှုကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။

    4. အရှည် ချိန်ညှိခြင်း (Length Adjustments)

    ဒီဇိုင်းရဲ့ အရှည်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးပါတယ်။

    ပြဿနာ- ခါးတိုတဲ့သူ (Short-waisted)၊ ခါးရှည်တဲ့သူ (Long-waisted) တွေအတွက်ဆိုရင် Bodice (ကိုယ်ပိုင်း) အရှည်က မတူညီနိုင်ပါဘူး။ ဒါ့အပြင် လက်အရှည်၊ စကတ်အရှည်၊ ဘောင်းဘီအရှည် စတာတွေကလည်း လူတစ်ဦးစီရဲ့ အရပ်အမြင့်နဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။

    ဖြေရှင်းနည်း-Pattern ပေါ်မှာ လိုအပ်တဲ့နေရာကို ညှပ်ထုတ် ပြီး လိုအပ်သလောက် အရှည်ကို ဖြည့်စွက်တာ ဒါမှမဟုတ် လျှော့ချတာကို ပြုလုပ်ရပါတယ်။ ဥပမာ- Bodice ကိုယ်ပိုင်းမှာဆိုရင် ခါးနားတစ်ဝိုက်ကနေ ဖြတ်ပြီး အရှည်တိုးခြင်း/လျှော့ခြင်းကို ပြုလုပ်နိုင်ပါတယ်။

    5. ကိုယ်နေဟန်ထား ချိန်ညှိခြင်း (Posture Adjustments)

    ကိုယ်ခန္ဓာရဲ့ ကိုယ်နေဟန်ထား ထူးခြားမှုတွေကို ဖြေရှင်းပေးပါတယ်။

    ပြဿနာ- ရှေ့ကို ကိုင်းနေသော ပခုံး (Forward Shoulder): ပခုံးတွေက ရှေ့ကို အနည်းငယ် ကိုင်းနေတာကြောင့် ရင်ဘတ်နေရာမှာ ပိုကြီးပြီး နောက်ကျောနေရာမှာ ကျပ်နေတတ်ပါတယ်။

    ခါးကော့ခြင်း (Sway Back):ခါးနားက အနောက်ကို အနည်းငယ် ကော့နေတာကြောင့် အဝတ်အစားရဲ့ နောက်ကျောပိုင်း ခါးနေရာမှာ ချုပ်ရိုးတွေ တွန့်ပြီး ဟနေတတ်ပါတယ်။

    ဖြေရှင်းနည်း- ဒီလို ကိုယ်နေဟန်ထား ပြဿနာတွေက နည်းနည်းရှုပ်ထွေးပေမယ့် Pattern ကို သေချာလေ့လာပြီး နောက်ကျောပိုင်း ဒါမှမဟုတ် ရှေ့ပိုင်းရဲ့ အရှည်နဲ့ အကျယ်ကို လိုအပ်သလောက် ချိန်ညှိခြင်း၊ Dart တွေရဲ့ နေရာနဲ့ ပမာဏကို ပြောင်းလဲခြင်းတို့ဖြင့် ပြင်ဆင်နိုင်ပါတယ်။

    (4) Pattern Adjustments ပြုလုပ်ခြင်း လုပ်ငန်းစဉ်

    Pattern Adjustments လုပ်ခြင်းဟာ အဆင့်ဆင့် လုပ်ဆောင်ရတဲ့ အရာတစ်ခုပါ။ အောက်ပါ အဆင့်တွေကို လိုက်နာသင့်ပါတယ်။

    1. ပြဿနာကို ရှာဖွေခြင်း (Identifying the Problem)

    ပထမဆုံးအနေနဲ့ဖောက်သည်ရဲ့ ကိုယ်ခန္ဓာကို သေချာစွာ တိုင်းတာရပါမယ်။ ပြီးရင် (Standard Pattern) နဲ့ နှိုင်းယှဉ်ပြီး ဘယ်နေရာတွေမှာ ပြင်ဆင်ဖို့ လိုအပ်လဲဆိုတာကို မှတ်သားထားရပါမယ်။ အရေးကြီးဆုံးအချက်ကတော့ (Toile / Muslin) နဲ့ အစမ်းချုပ်ကြည့်ခြင်းပါပဲ။ ဈေးမကြီးတဲ့ ပိတ်စနဲ့ အရင်ချုပ်ပြီး ဖောက်သည်ကို ဝတ်ကြည့်ခိုင်းပါ။ ပြီးရင် ပြဿနာရှိတဲ့ နေရာတွေကို ဖောက်သည်ကိုယ်တိုင်ရဲ့ သက်တောင့်သက်သာရှိမှု (Comfort) နဲ့ ကိုယ်တိုင်ရဲ့ ဒီဇိုင်နာ အမြင် (Designer’s Eye) တို့နဲ့ ချိန်ညှိပြီး မှတ်သားရပါမယ်။ “ဒီနေရာ ကွက်တိမကျဘူး၊ ဒီနေရာ ဟနေတယ်၊ ဒီနေရာ ကျပ်နေတယ်” စသဖြင့် မှတ်သားပါ။

    2.ပုံစံခွက်ပေါ်တွင် အမှတ်အသားပြုခြင်း (Marking and Adjusting on the Pattern):

    ပြဿနာတွေကို သိပြီဆိုရင် ပုံစံခွက်ပေါ်မှာ ပြင်ဆင်မှုတွေကို စတင်လုပ်ဆောင်ရပါမယ်။

    Cutting: လိုအပ်တဲ့ နေရာတွေကို ဖြတ်တောက်ပါ။ ဥပမာ- Pattern ကို သတ်မှတ်ထားတဲ့ နေရာကနေ ညှပ်ရပါတယ်။

    Spread: အရှည်တိုးခြင်း ဒါမှမဟုတ် အကျယ်ချဲ့ထွင်ခြင်း (ဥပမာ- FBA) အတွက် ဖြတ်ထားတဲ့ အပိုင်းတွေကို ညှပ်ပြီး စက္ကူနဲ့ ပြန်ဖြည့်ရပါမယ်။

    Overlap/Reduce: အရှည်လျှော့ခြင်း ဒါမှမဟုတ် အကျယ်လျှော့ချခြင်း (ဥပမာ- SBA) အတွက် ဖြတ်ထားတဲ့ အပိုင်းတွေကို ထပ်ပြီး ပူးကပ်ရပါမယ်။

    လိုင်းအသစ်ဆွဲခြင်း (Redraw Lines): ပြင်ဆင်မှုတွေ လုပ်ပြီးသွားရင်Pattern ရဲ့ ချုပ်ရိုးလိုင်းတွေကို ချောမွေ့လှပအောင် ပြန်လည်ဆွဲပေးရပါမယ်။ ဒါမှ ချုပ်ရိုးတွေက ပုံမပျက်ဘဲ လှပနေမှာပါ။

    3.ပြန်လည် စစ်ဆေးခြင်း (Testing and Refining):

    တစ်ခါတည်းနဲ့ ပြီးပြည့်စုံတဲ့ Adjustments ကို ရဖို့ဆိုတာ မလွယ်ပါဘူး။ ပုံစံခွက်ကို ပြင်ဆင်ပြီးရင် နောက်ထပ် Muslin ပိတ်စ တစ်ခုနဲ့ ထပ်မံချုပ်ကြည့်ပြီး ပြန်စစ်ဆေးပါ။ လိုအပ်ရင် ထပ်မံပြင်ဆင်ပါ။ ဒီလုပ်ငန်းစဉ်ဟာ စိတ်ရှည်ဖို့ လိုအပ်ပြီး “လေ့ကျင့်မှ ပြည့်စုံမယ်” ဆိုတဲ့ သဘောတရားအတိုင်းပါပဲ။

    (5) ဒီဇိုင်း ဖန်တီးမှုတွင် Pattern Adjustments ရဲ့ အခန်းကဏ္ဍ

    Pattern Adjustments ဟာ ပြဿနာတွေကို ဖြေရှင်းဖို့သက်သက် မဟုတ်ပါဘူး။ ဒါဟာ ဒီဇိုင်းဖန်တီးမှုမှာ ကိုယ့်ကို ပိုမိုဖန်တီးနိုင်စွမ်းရှိစေမယ့် ကိရိယာတစ်ခုလည်း ဖြစ်ပါတယ်။

    1.ထူးခြားတဲ့ ကောက်ကြောင်း (Unique Silhouettes) များ ဖန်တီးနိုင်ခြင်း- Pattern Adjustmentsကို နားလည်တဲ့အခါ Standard Pattern တွေရဲ့ ကန့်သတ်ချက်ထဲကနေ ထွက်ပြီး လူတစ်ဦးချင်းစီရဲ့ ကိုယ်ခန္ဓာ အချိုးအကွေးကို ပေါ်လွင်စေမယ့် Unique Silhouettes တွေကို ဖန်တီးနိုင်ပါတယ်။ ဥပမာ- ရိုးရိုးရှင်းရှင်း Bodycon Dress တစ်ထည်ကို ရင်၊ ခါး၊ တင် နေရာတွေမှာ ကွက်တိဖြစ်အောင် ချိန်ညှိပေးနိုင်ရင် အဲ့ဒီဝတ်စုံဟာ ဝတ်ဆင်သူကို ပိုမိုလှပပြီး ယုံကြည်မှုရှိစေမှာပါ။

    2.ဒီဇိုင်းကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ခြင်း– Pattern Adjustments ဟာ မတူညီတဲ့ ပိတ်စအမျိုးအစားတွေနဲ့ ဒီဇိုင်းမျိုးစုံကို စမ်းသပ်ဖို့လည်း အခွင့်အလမ်းပေးပါတယ်။ ပိတ်စရဲ့ ကျုံ့နိုင်၊ ဆန့်နိုင်စွမ်း၊ ဒါမှမဟုတ် ပိတ်စရဲ့ လေးလံမှု၊ ပေါ့ပါးမှုအလိုက် ပုံစံခွက်ကို လိုက်လျောညီထွေ ချိန်ညှိနိုင်ခြင်းအားဖြင့် ဒီဇိုင်းရဲ့ အလှအပကို ပိုမိုမြှင့်တင်နိုင်ပါတယ်။

    (6)စိန်ခေါ်မှုများနှင့် ဖြေရှင်းနည်းများ

    Pattern Adjustments ဟာ အစပိုင်းမှာ ခက်ခဲပြီး စိန်ခေါ်မှုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်ရှည်သည်းခံမှုနဲ့ လေ့ကျင့်မှုတွေက သင့်ကို ကျွမ်းကျင်လာစေပါလိမ့်မယ်။

    1.အချိန်ယူရခြင်း- Pattern တစ်ခုကို မှန်ကန်စွာ Adjustments လုပ်ဖို့ အချိန်နဲ့ စိတ်ရှည်မှု လိုအပ်ပါတယ်။

    2.နားလည်ရခက်ခြင်း-အစပိုင်းမှာ ဘယ်နေရာကို ဘယ်လို ပြင်ရမယ်ဆိုတာကို နားလည်ဖို့ ခက်ခဲနိုင်ပါတယ်။

    3.အတွေ့အကြုံ လိုအပ်ခြင်း-ဒီပညာရပ်မှာ ကျွမ်းကျင်ဖို့ အတွေ့အကြုံများစွာ လိုအပ်ပါတယ်။

    4.ဖြေရှင်းနည်းများ-“Practice makes perfect” ဆိုတဲ့အတိုင်းပါပဲ။ အစမ်းချုပ်တာ၊ Pattern ကို ပြင်ဆင်တာတွေကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခြင်းအားဖြင့် ကျွမ်းကျင်လာပါလိမ့်မယ်။ မကြောက်ပါနဲ့၊ မှားယွင်းမှုတိုင်းက သင်ခန်းစာပါပဲ။

    5.လေ့လာခြင်းနှင့် လေ့လာစောင့်ကြည့်ခြင်း (Observe and Learn): ဖက်ရှင်စာအုပ်တွေ၊ Online Resources တွေကနေ Pattern Adjustments နည်းလမ်းတွေကို လေ့လာပါ။ အဝတ်အစားတွေက လူတွေရဲ့ ကိုယ်ပေါ်မှာ ဘယ်လိုမျိုး အံဝင်ခွင်ကျ ဖြစ်နေလဲ၊ ဘယ်လိုမျိုး ပြဿနာတွေ ရှိနေလဲဆိုတာကို သေချာ လေ့လာစောင့်ကြည့်ပါ။

    6.စိတ်ရှည်ခြင်း (Patience):ဒီပညာရပ်ဟာ အချိန်ယူရပါတယ်။ တစ်ခါတည်းနဲ့ မအောင်မြင်နိုင်ဘူးဆိုတာကို လက်ခံပြီး စိတ်ရှည်စွာ သင်ယူပါ။

    7.အကြံဉာဏ် ရယူခြင်း (Seek Feedback): ကိုယ့်ရဲ့ ဆရာ၊ ဆရာမတွေ၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေဆီကနေ အကြံဉာဏ်တွေ ရယူပါ။ သူတို့ရဲ့ အတွေ့အကြုံတွေကနေ သင်ယူပါ။

    နိဂုံးချုပ်

    (Pattern Adjustments) ဟာ ဖက်ရှင်ဒီဇိုင်နာတစ်ဦးအနေနဲ့ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ထိပ်တန်းစွမ်းရည်တစ်ခု ဖြစ်ပါတယ်။ ဒါဟာ ရိုးရှင်းတဲ့ ပြင်ဆင်မှုတစ်ခုတင် မဟုတ်ဘဲ၊ကိုယ့်ရဲ့ ဖန်တီးမှုစိတ်ကူးတွေကို အသက်ဝင်စေပြီး ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှုကို အမြင့်ဆုံးထိ ဆောင်ကြဉ်းပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။

    ဒီဇိုင်းကောင်းတစ်ခုဟာ ကိုယ်ခန္ဓာနဲ့ ကွက်တိကျမှသာ အသက်ဝင်ပြီး လှပပါတယ်” ဆိုတဲ့ စကားကို အမြဲသတိရပါ။ ဒီစွမ်းရည်ကို တတ်မြောက်အောင် ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ရဲ့ လေ့လာမှု ခရီးလမ်းမှာ Pattern Adjustments ဟာ ကိုယ့်ရဲ့ ဒီဇိုင်းတွေကို အမှန်တကယ် “ထူးခြားစေမယ့်” အရာတစ်ခု ဖြစ်လာပါလိမ့်မယ်။

    Leave a Reply

    Your email address will not be published. Required fields are marked *