🔥 Fashion Business တစ်ခုစတင်တဲ့နေရာမှာ သိထားသင့်တဲ့ Sample Production Checklist တွေအကြောင်း။

မေးခွန်းကို တိကျတဲ့ အဖြေတစ်ခုပေးရမယ်ဆိုရင်၊ အဲဒါကတော့ “စနစ်တကျ စီမံခန့်ခွဲထားတဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်” (Systematic Production Process) ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးမယ့် အကြောင်းအရာကတော့ ” Production Checklist ” ပဲ ဖြစ်ပါတယ်။ Fashion School မှာ သင်ကြားပေးနေတဲ့ ဒီဇိုင်းပညာရပ်တွေဟာ အောင်မြင်တဲ့ ဖက်ရှင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့ အခြေခံအုတ်မြစ်တွေပါ။ ဒါပေမယ့် ဒီဇိုင်းတစ်ခု ကောင်းရုံနဲ့ မပြီးသေးပါဘူး။ တကယ်ပဲ ဆိုင်တွေမှာ ရောင်းချနိုင်မယ့်၊ လူတွေ ဝတ်ဆင်ချင်မယ့် အရည်အသွေးမြင့်တဲ့ အဝတ်အထည်တစ်ထည် ဖြစ်လာဖို့ဆိုတာ ထုတ်လုပ်မှု အဆင့်တိုင်းမှာ အသေးစိတ် ဂရုစိုက်ရပါတယ်။

ကျောင်းသားဟောင်းတစ်ဦး ရဲ့ ဥပမာလေး ပြောပြပါရစေ။ သူဟာ အင်မတန် ထူးခြားတဲ့ ဒီဇိုင်းစိတ်ကူးတွေ ရှိပြီး Fashion Show မှာလည်း ဆုတွေရခဲ့သူပါ။ သူ စပြီး Brand ထောင်တဲ့အခါ ဒီဇိုင်းပိုင်းကိုပဲ အဓိက အာရုံစိုက်ခဲ့ပါတယ်။ ကုန်ထုတ်လုပ်မှုအပိုင်းကိုတော့ သိပ်အလေးမထားခဲ့ဘူး။ ပထမဆုံး အော်ဒါ ရလာတဲ့အခါမှာ ချုပ်ရိုးချုပ်သားတွေ မသေသပ်တာ၊ အရောင်တွေ မှားတာ၊ Size တွေ လွဲတာ စတဲ့ ပြဿနာတွေ အများကြီး ကြုံခဲ့ရပါတယ်။ နောက်ဆုံးတော့ Customer တွေရဲ့ ယုံကြည်မှုကိုပါ ထိခိုက်ခဲ့ပြီး သူ အများကြီး သင်ခန်းစာယူခဲ့ရပါတယ်။

ဒီအတွေ့အကြုံက ဘာကိုပြလဲဆိုတော့ ဖက်ရှင်လုပ်ငန်းဆိုတာ ဒီဇိုင်းတစ်ခုတည်းနဲ့ မလုံလောက်ဘဲ၊ ထုတ်လုပ်မှုရဲ့ အဆင့်တိုင်းကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်တယ်ဆိုတာပါပဲ။ စနစ်တကျစီမံခန့်ခွဲတယ်ဆိုတာက “ဘာတွေ လုပ်ရမလဲ၊ ဘယ်သူက ဘာလုပ်ရမလဲ၊ ဘယ်အချိန်မှာ ပြီးစီးရမလဲ၊ ဘယ်အရာတွေ စစ်ဆေးရမလဲ” ဆိုတာကို အသေးစိတ် ကြိုတင်ပြင်ဆင်ထားတာကို ဆိုလိုပါတယ်။ ဒါမှလည်း အမှားအယွင်းတွေကို လျှော့ချနိုင်မယ်၊ အချိန်ကုန် ငွေကုန်သက်သာမယ်၊ နောက်ဆုံးမှာ အရည်အသွေးမြင့်တဲ့ ထုတ်ကုန်တွေနဲ့ Customer တွေရဲ့ ယုံကြည်မှုကို ရရှိနိုင်မှာပါ။ဒီနေ့ ဆွေးနွေးမယ့် “Production Checklist” မှာ ဖက်ရှင်လုပ်ငန်း စတင်သူတွေအတွက် အရေးကြီးတဲ့ အချက် ကို အဆင့်ဆင့် ခွဲခြားပြီး ဖော်ပြထားပါတယ်။ ဒီ checklist လေး ကကိုယ့်ရဲ့ ဖက်ရှင်ခရီးမှာ အေင်မြင်လာစေမယ်လို့ ယုံကြည်ပါတယ်။ ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းနဲ့ ရှေ့ဆက်ကြရအောင်နော်။

Sample Production Checklist for Fashion Startups

ဒီ checklist က ဖက်ရှင်လုပ်ငန်းတစ်ခုရဲ့ ဒီဇိုင်းစိတ်ကူးကနေ စပြီး၊ ကုန်ပစ္စည်းကို ထုတ်လုပ်ပြီး Delivery ပို့ပေးတဲ့အထိ လိုအပ်တဲ့ အဆင့်တိုင်းကို စနစ်တကျ စစ်ဆေးနိုင်အောင် ကူညီပေးပါလိမ့်မယ်။

(1) Design & Planning

ဒီအပိုင်းကတော့ ကိုယ့်ရဲ့ စိတ်ကူးတွေကို လက်တွေ့ဖြစ်လာဖို့အတွက် အခြေခံအုတ်မြစ်ချတဲ့ အဆင့်ပဲဖြစ်ပါတယ်။ ဒီအဆင့်မှာ သေသေချာချာ စီမံကိန်းဆွဲထားမယ်ဆိုရင် နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို အများကြီး လျှော့ချနိုင်ပါလိမ့်မယ်။

1.Mood Board ရေးဆွဲခြင်း။

▪️စုဆောင်းထားသည့် စိတ်ကူးများနှင့် အရောင်များ၊ ပုံစံများကို စုစည်းပြီး ဒီဇိုင်း၏ ခံစားချက်ကို သတ်မှတ်ပါ။

2.Collection Concept ဖော်ထုတ်ခြင်း။

▪️ကိုယ့်ရဲ့ ဖက်ရှင် collection ရဲ့ အဓိက အကြောင်းအရာ၊ Inspiration၊ ပုံစံတို့ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပါ။

3.ဒီဇိုင်းပုံကြမ်းများ (Sketches) ရေးဆွဲခြင်း။

▪️အဝတ်အစားတိုင်းအတွက် ရှေ့၊ နောက်၊ ဘေးပုံစံ အစရှိသည်တို့ကို အသေးစိတ် ဆွဲပါ။

4.Technical Flats/Tech Packs ပြင်ဆင်ခြင်း။

▪️ဒီဇိုင်းတစ်ခုစီအတွက် တိကျတဲ့ တိုင်းတာမှု၊ ပစ္စည်းအမျိုးအစား၊ ချုပ်ရိုးချုပ်သား အသေးစိတ်၊ ပုံဆွဲနည်း စသည်တို့ကို ဖော်ပြထားတဲ့ Specification Sheets တွေ ပြင်ဆင်ပါ။ ဒါမှ ထုတ်လုပ်သူက ကိုယ့်ရဲ့ ဒီဇိုင်းကို အတိအကျ နားလည်ပြီး ချုပ်လုပ်နိုင်မှာပါ။

5.Size Chart သတ်မှတ်ခြင်း။

▪️ကိုယ့် Brand အတွက် သင့်လျော်တဲ့ Standard Size တွေကို သတ်မှတ်ပါ။ ဥပမာ- S, M, L, XL ဆိုတာတွေရဲ့ အတိအကျ တိုင်းတာမှုတွေပေါ့။

6.Budget Plan ရေးဆွဲခြင်း။

▪️ကုန်ကြမ်းဖိုး၊ ချုပ်ခ၊ ပို့ဆောင်ခ၊ မာကတ်တင်းစရိတ် စတဲ့ ကုန်ကျစရိတ်အားလုံးကို ကြိုတင်ခန့်မှန်းပြီး ဘတ်ဂျက်တစ်ခု သတ်မှတ်ပါ။

7.Production Timeline ရေးဆွဲခြင်း။

▪️ဒီဇိုင်းဆွဲတာကနေစပြီး ထုတ်ကုန်ကို Delivery ပို့တဲ့အထိ အဆင့်တိုင်းအတွက် ပြီးစီးရမယ့် ရက်စွဲတွေကို သတ်မှတ်ပါ။

(2)ကုန်ကြမ်းရှာဖွေခြင်းနှင့် Supplier ရွေးချယ်ခြင်း (Sourcing & Supplier Selection)

▪️ဖက်ရှင်လုပ်ငန်းရဲ့ အရည်အသွေးဟာ ကိုယ်ရွေးချယ်တဲ့ ကုန်ကြမ်းတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ မှန်ကန်တဲ့ ကုန်ကြမ်းနဲ့ မှန်ကန်တဲ့ ပံ့ပိုးသူကို ရွေးချယ်ဖို့ ဒီအဆင့်က အရမ်းအရေးကြီးပါတယ်။

1.ပိတ်စအမျိုးအစားနှင့် အရောင်များ ရွေးချယ်ခြင်း။

▪️ဒီဇိုင်းနဲ့ ကိုက်ညီတဲ့ ပိတ်စ (Fabric) အမျိုးအစား (ဥပမာ- ချည်၊ ပိုး၊ ဂျင်း) နဲ့ အရောင်များကို သေချာရွေးချယ်ပါ။

2.ပိတ်စနမူနာများ (Swatches) ရယူခြင်း။

▪️မှာယူမယ့် ပိတ်စတွေရဲ့ အရည်အသွေးနဲ့ အရောင်ကို ကိုယ်တိုင်မြင်ရအောင် နမူနာလေးတွေ တောင်းယူပြီး စစ်ဆေးပါ။

3.အခြားဆက်စပ်ပစ္စည်းများ ရှာဖွေခြင်း။

▪️ကြယ်သီး၊ ဇစ်၊ Label၊ Pocket စတဲ့ အဝတ်အစားနဲ့ ဆက်စပ်ပစ္စည်းတွေကို ရှာဖွေရွေးချယ်ပါ။

4.Fabric Suppliers များ ရှာဖွေခြင်းနှင့် ဈေးနှုန်းညှိနှိုင်းခြင်း။

▪️ပိတ်စနဲ့ အခြားပစ္စည်းတွေကို ပေးသွင်းနိုင်မယ့် ယုံကြည်စိတ်ချရတဲ့ Suppliers တွေကို ရှာဖွေပြီး ဈေးနှုန်း၊ Delivery အချိန်တွေကို ညှိနှိုင်းပါ။

5.Manufacturer/Workshop ရှာဖွေခြင်း။

▪️ကိုယ့်ဒီဇိုင်းတွေကို ချုပ်လုပ်ပေးနိုင်မယ့်၊ အရည်အသွေးကောင်းပြီး စျေးနှုန်းသင့်တင့်တဲ့ ချုပ်လုပ်သူ (factory / workshop) တွေကို ရှာဖွေပါ။ သူတို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို သေချာစစ်ဆေးပါ။

6.Supplier များနှင့် စာချုပ်ချုပ်ဆိုခြင်း။

▪️ပစ္စည်းပေးသွင်းမှု၊ အရည်အသွေး၊ ဈေးနှုန်း၊ Delivery ရက်စွဲ စတာတွေကို ရှင်းလင်းစွာ ဖော်ပြထားတဲ့ စာချုပ်တွေ ချုပ်ဆိုပါ။

(3) နမူနာထုတ်လုပ်ခြင်းနှင့် အတည်ပြုခြင်း (Sampling & Approval)

ထုတ်လုပ်မှုအဆင့်မစခင် နမူနာထုတ်လုပ်တာဟာ အမှားအယွင်းတွေကို ကြိုတင်ရှာဖွေပြီး ပြင်ဆင်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီအဆင့်ကို လုံးဝ မကျော်သွားသင့်ပါဘူး။

1.ပထမနမူနာ (First Sample/Proto Sample) ချုပ်လုပ်ခြင်း။

ဒီဇိုင်းနဲ့ ပတ်တန် (Pattern) မှန်မမှန် စစ်ဆေးဖို့အတွက် အစမ်းနမူနာတစ်ထည် ချုပ်လုပ်ပါ။

2.နမူနာတိုင်းတာမှုနှင့် အံဝင်ခွင်ကျမှု (Fit) စစ်ဆေးခြင်း။

ပထမနမူနာကို တိုင်းတာပြီး သတ်မှတ်ထားတဲ့ Size Chart နဲ့ ကိုက်ညီမှု ရှိမရှိ၊ ဝတ်ဆင်တဲ့အခါ အံဝင်ခွင်ကျ ဖြစ်မဖြစ် စစ်ဆေးပါ။

3.ဒီဇိုင်းနှင့် အသေးစိတ်ပြုပြင်ခြင်း (Design & Detail Revisions)။

ပထမနမူနာကနေ လိုအပ်တာတွေကို ပြင်ဆင်ပြီး ဒီဇိုင်းနဲ့ ပတ်တန်ကို အတည်ပြုပါ။

4.ထုတ်လုပ်မှုနမူနာ (Production Sample/PP Sample) ချုပ်လုပ်ခြင်း။

ပြင်ဆင်ပြီးသား ဒီဇိုင်းနဲ့ ပတ်တန်ကိုသုံးပြီး တကယ့်ကုန်ကြမ်းတွေနဲ့ နောက်ဆုံး Production အတွက် နမူနာတစ်ထည် ထပ်ချုပ်ပါ။

5.အရည်အသွေးစစ်ဆေးခြင်းနှင့် ချုပ်လုပ်သူထံမှ အတည်ပြုချက်ရယူခြင်း။

ဒီ Production Sample ကို အရည်အသွေးပြည့်မီမှု၊ ချုပ်ရိုးချုပ်သား ကောင်းမွန်မှုရှိမရှိ အသေးစိတ် စစ်ဆေးပြီး ချုပ်လုပ်သူကို အတည်ပြုချက် (Approval) ပေးပါ။

6.Labeling (တံဆိပ်) နှင့် Packaging (ထုပ်ပိုးမှု) နမူနာ စစ်ဆေးခြင်း။

ကိုယ့် Brand ရဲ့ Label (အရွယ်အစား Label, Care Label စသည်) နဲ့ ထုပ်ပိုးမှု ဒီဇိုင်းတွေကို စစ်ဆေးပြီး အတည်ပြုပါ။

(4)အဓိကထုတ်လုပ်မှု လုပ်ငန်းစဉ် (Main Production Process)

ဒီအဆင့်ကတော့ ကိုယ့်ရဲ့ အဝတ်အစားတွေကို အမြောက်အများ ထုတ်လုပ်တဲ့ အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ အရည်အသွေး ထိန်းချုပ်မှု (Quality Control) က အဓိက အရေးပါလာပါတယ်။

1.ကုန်ကြမ်းများ မှာယူခြင်း။

အတည်ပြုထားသော နမူနာအရ လိုအပ်သော ပိတ်စနှင့် ဆက်စပ်ပစ္စည်းများအားလုံးကို အမြောက်အများ မှာယူပါ။

2.ကုန်ကြမ်းများ လက်ခံရရှိကြောင်း စစ်ဆေးခြင်း။

မှာယူထားသော ကုန်ကြမ်းများ ရောက်ရှိလာသည့်အခါ အရေအတွက်၊ အရည်အသွေး၊ အရောင် မှန်ကန်မှုရှိမရှိ သေချာစစ်ဆေးပါ။

3.ပတ်တန်များ အချိုးချခြင်း (Pattern Grading)။

အတည်ပြုထားသော ပတ်တန်ကို Size အမျိုးမျိုး (S, M, L) အတွက် အချိုးကျ ချိန်ညှိပါ။

4.Fabric Laying & Cutting။

ပတ်တန်အတိုင်း ပိတ်စများကို အမှားအယွင်းမရှိ ဖြန့်ခင်းပြီး Cutting ညှပ်ပါ။

5.ချုပ်လုပ်မှု လုပ်ငန်းစဉ် စတင်ခြင်း (Sewing Process)။

ချုပ်ရိုးချုပ်သား အဆင့်ဆင့်ကို စနစ်တကျ စတင်ချုပ်လုပ်ပါ။ ဒီအဆင့်မှာ လိုအပ်ပါက အဆင့်ဆင့် စစ်ဆေးမှု (In-line Inspection) တွေ ပြုလုပ်ပါ။

6.ပုံနှိပ်ခြင်း (Printing) သို့မဟုတ် ပန်းထိုးခြင်း (Embroidery) လုပ်ငန်းစဉ် စစ်ဆေးခြင်း။

ဒီဇိုင်းတွင် Print သို့မဟုတ် Embroidery ပါဝင်ပါက အရည်အသွေးမှန်ကန်မှုရှိမရှိ စစ်ဆေးပါ။

7.အပိုပစ္စည်းများ တပ်ဆင်ခြင်း။

ကြယ်သီး၊ ဇစ်၊ Label စသည်တို့ကို တပ်ဆင်ပါ။

8.မပြီးဆုံးသေးသော အဝတ်အစားများ ပြုပြင်ခြင်း။

ချုပ်လုပ်နေစဉ်အတွင်း တွေ့ရှိရသော အမှားအယွင်းများကို ချက်ချင်း ပြင်ဆင်ပါ။

9.Washing/Treatments။

ပိတ်စ အမျိုးအစားအလိုက် လိုအပ်သော ရေဆေးခြင်း၊ မီးပူတိုက်ခြင်း၊ အခြား Chemical treatment များ ပြုလုပ်ခြင်း။

(5) အရည်အသွေး ထိန်းချုပ်ခြင်းနှင့် စစ်ဆေးခြင်း (Quality Control & Inspection)

ဒီအဆင့်ဟာ ကိုယ့် Brand ရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ထုတ်ကုန်တွေကိုသာ Customer လက်ထဲရောက်ဖို့ သေချာစေရပါမယ်။

1.အပြီးသတ် အရည်အသွေးစစ်ဆေးခြင်း (Final Quality Inspection)။

ချုပ်လုပ်ပြီးစီးသော အဝတ်အစားတိုင်းကို ချုပ်ရိုးချုပ်သား၊ အရောင်၊ Size၊ ပုံစံ၊ အစွန်းအထင်းများ စသည်တို့ကို အသေးစိတ် စစ်ဆေးပါ။ Customer လက်ထဲ မရောက်ခင် အမှားတွေကို ကြိုပြီး ဖယ်ရှားရမှာပါ။

2.QC Report မှတ်တမ်းတင်ခြင်း။

စစ်ဆေးမှု ရလဒ်များကို မှတ်တမ်းတင်ပြီး လိုအပ်ပါက ပြန်လည်ပြင်ဆင်ရန် သို့မဟုတ် ဖယ်ရှားရန် ဆုံးဖြတ်ပါ။

3.ထုပ်ပိုးခြင်း (Packaging)။

အရည်အသွေးစစ်ဆေးပြီးသော ထုတ်ကုန်များကို သေချာသပ်ရပ်စွာ ထုပ်ပိုးပါ။ Brand Label၊ Care Label စသည်တို့ ပါဝင်မှု ရှိမရှိ စစ်ဆေးပါ။

4.Inventory မှတ်တမ်းတင်ခြင်း။

ထုတ်လုပ်ပြီးစီးသော ကုန်ပစ္စည်းအရေအတွက်ကို စနစ်တကျ မှတ်တမ်းတင်ပါ။)

(6) ထုတ်လုပ်ပြီးနောက် လုပ်ငန်းစဉ် (Post-Production & Logistics)

ကုန်ပစ္စည်းတွေ ထုတ်လုပ်ပြီးတာနဲ့ အဆုံးသတ်သွားတာ မဟုတ်ပါဘူး။ Customer လက်ထဲ လုံခြုံစွာ ရောက်ရှိဖို့နဲ့ နောက်ပိုင်းအတွက် စီမံခန့်ခွဲမှုတွေလည်း လိုအပ်ပါသေးတယ်။

1.ပို့ဆောင်မှု စီစဉ်ခြင်း (Shipping/Logistics)။

ထုတ်လုပ်ပြီးစီးသော ကုန်ပစ္စည်းများကို သတ်မှတ်ထားသော ဆိုင်များ၊ ဂိုဒေါင်များ သို့မဟုတ် Customer များထံသို့ ပို့ဆောင်ရန် စီစဉ်ပါ။

2.နောက်ဆုံးငွေရှင်းတမ်း ပြုလုပ်ခြင်း။

ကုန်ကြမ်းဖိုး၊ ချုပ်ခ စသည်တို့နှင့် ပတ်သက်၍ ချုပ်လုပ်သူ သို့မဟုတ် Supplier များနှင့် အပြီးသတ် ငွေစာရင်း ရှင်းတမ်း ပြုလုပ်ပါ။

3.ပြန်လည်သုံးသပ်ခြင်းနှင့် သင်ခန်းစာယူခြင်း (Post-Production Review & Learning)။

ပြီးစီးသွားသော ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ပြီး ဘာတွေကောင်းခဲ့လဲ၊ ဘာတွေ ပြင်ဆင်ဖို့လိုလဲ၊ ဘာတွေ သင်ခန်းစာယူရမလဲဆိုတာ မှတ်တမ်းတင်ပါ။ နောက်တစ်ခေါက် ထုတ်လုပ်မှုအတွက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့ပါ။

ဒီ Production Checklist ဟာ တကယ်တော့ ကိုယ့်ရဲ့ အိပ်မက်တွေကို လက်တွေ့အဖြစ် အကောင်အထည်ဖော်ဖို့ လမ်းပြတစ်ခုပါပဲ။ ဖက်ရှင်ဒီဇိုင်နာတွေဟာ အနုပညာရှင်တွေပါ။ ဒါပေမယ့် အနုပညာနဲ့ စီးပွားရေးကို ဟန်ချက်ညီအောင် ပေါင်းစပ်နိုင်မှ ရေရှည်တည်တံ့တဲ့ ဖက်ရှင်လုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်မှာပါ။ ဒီ checklist ကိုလိုက်နာခြင်းဖြင့် ကိုယ်ဟာ ဒီဇိုင်နာတစ်ယောက်တည်း မဟုတ်ဘဲ၊ စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့ ထုတ်လုပ်ရေးမန်နေဂျာတစ်ယောက်အနေနဲ့လည်း စွမ်းဆောင်နိုင်သွားမှာပါ။

အောင်မြင်တဲ့ ဖက်ရှင် Brand တွေအားလုံးဟာ သူတို့ရဲ့ ကုန်ပစ္စည်းအရည်အသွေးကို ဘယ်တော့မှ အလျှော့မပေးပါဘူး။ သူတို့ရဲ့ နောက်ကွယ်မှာ အခုလိုမျိုး စနစ်တကျ ပြင်ဆင်ထားတဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေ အမြဲရှိနေပါတယ်။အစပိုင်းမှာ အမှားတွေ ကြုံခဲ့ရပေမယ့်၊ သင်ခန်းစာယူပြီး ပြင်ဆင်သွားနိုင်ခဲ့လို့ သူတို့ရဲ့ Brand တွေဟာ အခုဆိုရင် လူသိများလာပါပြီ။ကိုယ့်အ‌နေနဲ့ ကိုယ့်ရဲ့ ဖက်ရှင် Brand တွေကို စတင်တဲ့အခါ ဒီ checklist လေးကို လက်စွဲပြုပြီး ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းနဲ့ ရှေ့ဆက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဘယ်အရာကိုမှ ပေါ့ပေါ့လေး မထားဘဲ၊ အသေးစိတ်တိုင်းကို ဂရုစိုက်မယ်ဆိုရင် ကိုယ့်ရဲ့ ဖက်ရှင်အိပ်မက်တွေဟာ တကယ်ပဲ အကောင်အထည် ပေါ်လာမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *