🔥အထည်ထုတ်လုပ်မှုမှာ အရေးအကြီးဆုံး အဆင့်တွေထဲက တစ်ခုဖြစ်တဲ့ Fit Photo ရိုက်ယူစစ်ဆေးခြင်းကို သေချာ‌ အောင်ဘယ်လိုလုပ်ရမလဲ။

ဒီနေ့ ဒီဇိုင်းတွေ ပုံကျဖို့ အရေးပါဆုံး အဆင့်တစ်ဆင့်ဖြစ်တဲ့ Fit Photo ရိုက်ကူးခြင်းနဲ့ ဘာတွေ အဓိက ကြည့်ရှုစစ်ဆေးရမလဲဆိုတာကို အသေးစိတ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းမှာ၊ အထူးသဖြင့် ဖက်ရှင်ဒီဇိုင်းလောကမှာ Fit Photo ဆိုတာ ဒီဇိုင်နာတစ်ယောက်ရဲ့ အမြင်အာရုံကို လက်တွေ့အထည်အဖြစ် ပြောင်းလဲပေးနိုင်တဲ့ အချက်တစ်ခုပါပဲ။ ပုံကြမ်းပေါ်မှာ လှပနေတဲ့ ဒီဇိုင်းဟာ လက်တွေ့မှာ ဘယ်လိုပုံစံပေါ်လာမလဲဆိုတာကို Fit Photo တွေကနေတစ်ဆင့် အကောင်းဆုံး ခန့်မှန်း၊ အကဲဖြတ်ပြီး ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

Fit Photo ဆိုတာဘာလဲ၊ ဘာကြောင့် အရေးပါတာလဲ။

Fit Photo ဆိုတာကတော့ ကိုယ်ချုပ်လုပ်ထားတဲ့ prototype ဒါမှမဟုတ် sample (နမူနာ) ကို model တစ်ယောက်ပေါ်မှာ ဝတ်ဆင်စေပြီး ဘက်ပေါင်းစုံကနေ ဓါတ်ပုံရိုက်ယူတာကို ဆိုလိုပါတယ်။ ဒီဓါတ်ပုံတွေကနေတစ်ဆင့် အထည်ရဲ့ အတိုင်းအတာ (measurements) တွေ၊ ပုံစံ (silhouette) တွေ၊ အထည်သားရဲ့ drape တွေ၊ ဝတ်ဆင်သူရဲ့ ကိုယ်ခန္ဓာနဲ့ လိုက်ဖက်မှု တွေကို အသေးစိတ် စစ်ဆေးနိုင်ပါတယ်။

ဘာကြောင့် အရေးပါသလဲဆိုတော့…

1. ပြဿနာတွေကို ကြိုတင်တွေ့ရှိနိုင်လို့:

Production မစခင် ပုံစံမကျတာ၊ ချုပ်ရိုးချုပ်သားမမှန်တာ စတဲ့ ပြဿနာတွေကို ကြိုတင်တွေ့ရှိပြီး ပြင်ဆင်နိုင်ပါတယ်။ ဒါမှ ထောင်နဲ့ချီတဲ့ အထည်တွေ ထုတ်ပြီးမှ ပြဿနာပေါ်လို့ ဆုံးရှုံးရတာမျိုး မဖြစ်တော့ပါဘူး။

2. အချိန်နဲ့ ငွေကုန်သက်သာစေလို့

အမှားအယွင်းတွေကို စောစောစီးစီး ပြင်ဆင်နိုင်တဲ့အတွက် နောက်ပိုင်းမှာ ပြန်လည်ပြင်ဆင်ရမယ့် ကုန်ကျစရိတ်တွေ၊ အချိန်တွေကို သက်သာစေပါတယ်။

3. အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်ရရှိစေလို့

စနစ်တကျ ပြန်လည်စစ်ဆေးပြင်ဆင်ထားတဲ့ အထည်ဟာ ဝတ်ဆင်သူအတွက် သက်တောင့်သက်သာရှိပြီး ပုံကျစေတဲ့အတွက် ထုတ်ကုန်ရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။

4. ဒီဇိုင်နာရဲ့ အမြင်ကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုလို့:

ကိုယ်လိုချင်တဲ့ အတိုင်းအတာ၊ ပုံစံအတိုင်း အတိအကျဖြစ်စေဖို့ Fit Photo တွေက အကောင်းဆုံး လမ်းညွှန်ပေးနိုင်ပါတယ်။

Fit Photo ထဲမှာ ဘာတွေ အဓိကကြည့်ရမလဲ။

Fit Photo တွေကို ကြည့်တဲ့အခါ အပေါ်ယံကြည့်ရုံနဲ့ မပြီးပါဘူး။ အသေးစိတ်၊ စေ့စေ့စပ်စပ် ကြည့်တတ်ဖို့ လိုပါတယ်။

1. Overall Silhouette နှင့် အချိုးအစား (Proportion)

ပထမဆုံးအနေနဲ့ အထည်ကို ခြုံငုံပြီး ကြည့်ပါ။ ဒီဇိုင်နာ ရည်ရွယ်ထားတဲ့ ပုံစံအတိုင်း (ဥပမာ – bodycon လား၊ oversized လား၊ A-line လား) ဖြစ်ရဲ့လား။

အထည်ရဲ့ လိုချင်တဲ့ ပုံစံအတိုင်း ဖြစ်ရဲ့လား။ အထည်က လျော့သင့်တဲ့နေရာ လျော့နေရဲ့လား၊ ကျပ်သင့်တဲ့နေရာ ကျပ်နေရဲ့လား။

အချိုးအစား: အထည်ရဲ့ အစိတ်အပိုင်းတွေ (ဥပမာ – အင်္ကျီအရှည်၊ ဘောင်းဘီအရှည်၊ ခါးနေရာ) က model ရဲ့ ခန္ဓာကိုယ်နဲ့ရော၊ ကိုယ်ရည်ရွယ်ထားတဲ့ ဒီဇိုင်းနဲ့ရော အချိုးကျရဲ့လား။ တချို့ဒီဇိုင်းတွေက cropped ဖြစ်ဖို့ ရည်ရွယ်ထားတာကို၊ fit photo မှာ သာမန်အင်္ကျီအရှည်ဖြစ်နေတာမျိုး မဖြစ်သင့်ပါဘူး။

ဟန်ချက်ညီမှု: အထည်တစ်ခုလုံးက ဟန်ချက်ညီရဲ့လား။ ဥပမာ- အပေါ်ပိုင်းက ပွပြီး အောက်ပိုင်းက ကျပ်လွန်းနေတာမျိုး ဒါမှမဟုတ် အပြန်အလှန်ဖြစ်နေတာမျိုး စသဖြင့် အမြင်ဆန်းနေတာမျိုး မဖြစ်ရအောင် ကြည့်ပါ။

ကျောင်းသားဟောင်းတစ်ယောက်ရှိတယ်။ သူက ပြဇာတ်ပေါ်မှာ ဝတ်ဖို့အတွက် gown ဒီဇိုင်းတစ်ခု လုပ်ခဲ့တယ်။ အပေါ်ပိုင်းက ရင်ကျပ်ပြီး ခန္ဓာကိုယ်နဲ့ ကပ်ဖို့ ရည်ရွယ်ထားပေမယ့် အောက်ပိုင်းက ခြေချင်းဝတ်အထိ တွဲကျနေတဲ့ ဒီဇိုင်းပေါ့။ Fit Photo ရိုက်လိုက်တော့ အပေါ်ပိုင်းက လုံးဝမကျပ်ဘဲ ပွနေတယ်။ အောက်ပိုင်းကလည်း သူလိုချင်တဲ့အတိုင်း လှလှပပ တွဲကျမနေဘဲ ဖော့ဖယောင်းလိုဖြစ်နေတယ်။ အဲ့ဒီမှာ ဒီဇိုင်းတစ်ခုလုံးရဲ့ overall က ပျက်သွားတာပေါ့။ သူက အဲ့ဒီလို ချက်ချင်းမြင်တဲ့အတွက် ပြန်ပြင်ပြီး အကောင်းဆုံး gown ကို ထုတ်နိုင်ခဲ့တယ်။

2.အထည်ရဲ့အဓိက Specific Fit Points

ဒီအဆင့်ကတော့ အသေးစိတ် စစ်ဆေးရမယ့် အဆင့်ဖြစ်ပါတယ်။ အထည်ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို ဂရုတစိုက် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ပခုံး (Shoulders):

ပခုံးချုပ်ရိုးက model ရဲ့ ပခုံးအဆုံးနေရာမှာ အတိအကျကျရဲ့လား။ ရှေ့တိုးနေလား၊ နောက်ဆုတ်နေလား၊ အကျယ်ကြီးဖြစ်နေလား။

တင်းကျပ်မှု/လျော့ရဲမှု:

ပခုံးနေရာကတင်းနေလို့ အထည်သားတွေ တွန့်နေလား။ ဒါမှမဟုတ် ပွနေလို့ ပခုံးကနေ ချော်ကျနေတာမျိုး ဖြစ်နေလား။

ပခုံးဖောင်းခြင်း (Puckering): ပခုံးချုပ်ရိုးတွေမှာ အထည်သား ဖောင်းကြွနေတာမျိုး ရှိမရှိကြည့်ပါ။

လည်ပင်း (Neckline): လည်ပင်းပုံစံ (ဥပမာ V-neck, crew neck, boat neck) က လိုချင်တဲ့အတိုင်း ပုံကျရဲ့လား။

ကျယ်လွန်းခြင်း/ကျဉ်းလွန်းခြင်း: လည်ပင်းက ကျယ်နေလို့ ဟနေတာမျိုး၊ ဒါမှမဟုတ် ကျဉ်းလွန်းလို့ အသက်ရှူရတာ ကျပ်နေတာမျိုး ဖြစ်နေလား။

လိပ်တက်ခြင်း/ဖောင်းကြွခြင်း: လည်ပင်းနေရာက လိပ်တက်နေလား၊ အထည်သား ပိုနေလို့ ဖောင်းကြွနေလား။

ရင်ဘတ် (Bust/Chest): ရင်ဘတ်နေရာက ခန္ဓာကိုယ်နဲ့ ပြေပြစ်နေရဲ့လား။

တင်းကျပ်မှု/ပွနေမှု: တင်းကျပ်လွန်းလို့ အထည်သားတွေ ဆန့်နေလား၊ ဒါမှမဟုတ် ပွနေလို့ ရွဲနေလား။

တွန့်ခြင်း/အချိုးမကျခြင်း:ချုပ်ရိုးတွေနေရာမှာ တွန့်နေတာမျိုး၊ ဒါမှမဟုတ် အထည်သား အချိုးမကျတာမျိုး ကြည့်ပါ။

ခါး (Waist)နေရာ: Waistline က ကိုယ်လိုချင်တဲ့ ခါးနေရာ (ဥပမာ – high-waist, natural waist, low-waist) မှာ အတိအကျကျရဲ့လား။

တင်းကျပ်မှု/လျော့ရဲမှု: ခါးက ကျပ်နေလို့ ထိုင်တဲ့အခါ မသက်မသာဖြစ်တာမျိုး ဒါမှမဟုတ် ပွနေလို့ အထည်က အောက်လျှောကျတာမျိုး ရှိမရှိကြည့်ပါ။

တွန့်ခြင်း/ဖောင်းခြင်း : ခါးနေရာမှာ အထည်သားတွေ တွန့်ခေါက်နေတာမျိုး၊ ဖောင်းကြွနေတာမျိုး ကြည့်ပါ။

တင်ပါး (Hips)ပြေပြစ်မှု: တင်ပါးနေရာက ခန္ဓာကိုယ်နဲ့ ပြေပြစ်စွာ လိုက်ဖက်နေရဲ့လား။

တင်းကျပ်မှု/လျော့ရဲမှု: တင်းကျပ်လွန်းလို့ အထည်သားတွေ ဆန့်နေလား၊ ရွေ့လျားမှု မလွတ်လပ်တာမျိုး ဖြစ်နေလား။ ဒါမှမဟုတ် ပွနေလို့ ပုံစံမကျတာမျိုး ဖြစ်နေလား။

ရွေ့လျားတက်ခြင်း (Riding up):ထိုင်လိုက်တဲ့အခါ ဒါမှမဟုတ် လှုပ်ရှားလိုက်တဲ့အခါ အထည်က အပေါ်တက်သွားတာမျိုး ရှိမရှိ ကြည့်ပါ။

လက် (Sleeves)အရှည်: လက်အရှည် (ဥပမာ – လက်တို၊လက်စက၊ လက်ရှည်) က ကိုယ်လိုချင်တဲ့အတိုင်း မှန်ကန်ရဲ့လား။

အကျယ်: လက်မောင်း၊ လက်ဖျံနေရာတွေက ကျပ်နေလား၊ ပွနေလား။ လှုပ်ရှားရတာ အဆင်ပြေရဲ့လား။

လက်ဖောင်းခြင်း (Sleeve fullness):လက်ဖောင်းဒီဇိုင်းတွေမှာ လိုချင်တဲ့ ဖောင်းကြွမှု ပမာဏ ရရဲ့လား။

ချုပ်ရိုး: Armhole က သက်တောင့်သက်သာရှိရဲ့လား၊ တင်းနေလား၊ တွန့်နေလား။

ခြေထောက်/ဘောင်းဘီ/စကတ် (Legs/Pants/Skirts)အရှည်: ဘောင်းဘီ ဒါမှမဟုတ် စကတ်အရှည်က မှန်ကန်ရဲ့လား။

ဘောင်းဘီဂွ :ဘောင်းဘီ (high-rise, mid-rise, low-rise) က နေရာမှန်ရဲ့လား။

ကျပ်ခြင်း/ပွခြင်း: ပေါင်၊ ခြေသလုံးနေရာတွေက ကျပ်နေလား၊ ပွနေလား။

တွန့်ခြင်း: ဒူးခေါင်း ဒါမှမဟုတ် တင်ပါးအောက်နားမှာ အထည်သားတွေ အလိုလို တွန့်နေတာမျိုး ရှိမရှိ ကြည့်ပါ။

3. အထည်ရဲ့Fabric Behavior

အထည်သားတစ်ခုချင်းစီမှာ သူ့ရဲ့ ကိုယ်ပိုင် ဂုဏ်သတ္တိတွေ ရှိပါတယ်။ Fit Photo တွေကနေတစ်ဆင့် အထည်က ဒီဇိုင်နာ ရည်ရွယ်ထားတဲ့အတိုင်း အလုပ်လုပ်ရဲ့လားဆိုတာကို ကြည့်ရပါမယ်။

Drape: အထည်သားက လှလှပပ Drape ဖြစ်နေရဲ့လား။ ချောမွေ့နေရဲ့လား။ ဒါမှမဟုတ် တောင့်တင်းနေလား။

ဆန့်နိုင်မှု (Stretch): အထည်သားက ဆန့်တဲ့အမျိုးအစားဆိုရင် ဝတ်ဆင်သူရဲ့ လှုပ်ရှားမှုနဲ့အတူ ဆန့်နိုင်မှုရှိမရှိ ကြည့်ပါ။ အရမ်းတင်းနေပြီး ဆန့်နိုင်စွမ်း မရှိဘူးဆိုရင် ဝတ်ဆင်ရတာ အဆင်မပြေပါဘူး။

တွန့်ကြေမှု (Creasing/Wrinkling):အထည်သားက အလွယ်တကူ တွန့်ကြေတဲ့အမျိုးအစားဆိုရင်တောင် ဝတ်ဆင်ပုံကြောင့် ဖြစ်တဲ့ တွန့်ကြေမှုနဲ့ Fit မကျလို့ ဖြစ်တဲ့ တွန့်ကြေတာကို ခွဲခြားသိဖို့လိုပါတယ်။ Fit မကျလို့ တွန့်ခေါက်နေတာဆိုရင် ပြင်ဆင်ရပါမယ်။

4. လှုပ်ရှားမှုနှင့်သက်တောင့်သက်သာရှိမှု (Movement and Comfort)

အထည်တစ်ခုဟာ မတ်တပ်ရပ်နေတဲ့အချိန်မှာ ပုံကျနေရုံနဲ့ မပြီးပါဘူး။ ဝတ်ဆင်သူက လှုပ်ရှားတဲ့အခါ၊ ထိုင်တဲ့အခါ၊ လက်မြှောက်တဲ့အခါမျိုးမှာလည်း သက်တောင့်သက်သာရှိပြီး ပုံကျနေဖို့ အရေးကြီးပါတယ်။

သက်တောင့်သက်သာဖြစ်မှု:model ကို လက်မြှောက်ခိုင်းတာ၊ ထိုင်ခိုင်းတာ၊ လမ်းလျှောက်ခိုင်းတာ၊ ကွေးညွှတ်ခိုင်းတာမျိုးတွေ လုပ်ပြီး ဓါတ်ပုံရိုက်ပါ။ အထည်က လှုပ်ရှားမှုကို ကန့်သတ်နေလား၊ တင်းကျပ်နေလား၊ ဒါမှမဟုတ် လျော့လွန်းနေလားဆိုတာ ကြည့်ပါ။

model ကို မေးပါ။ “ဝတ်လို့ အဆင်ပြေလား? ဘယ်နေရာကနေပြီး တင်းကျပ်နေလဲ? ဘယ်နေရာက သက်တောင့်သက်သာ မဖြစ်လဲ?” သူတို့ရဲ့ feedback က အဖိုးမဖြတ်နိုင်ပါဘူး။

အထည်သား လိပ်တက်ခြင်း/လျှောကျခြင်း: လှုပ်ရှားလိုက်တဲ့အခါ အထည်သားတွေက နေရာရွေ့သွားတာမျိုး၊ လိပ်တက်တာမျိုး ဒါမှမဟုတ် အောက်လျှောကျတာမျိုး ရှိမရှိ ဂရုတစိုက် ကြည့်ပါ။

5. ချုပ်ရိုးချုပ်သားအရည်အသွေး (Construction Quality)

Fit Photo မှာ အဓိကကြည့်တာက Fit ဖြစ်ပေမယ့် ချုပ်ရိုးချုပ်သား အရည်အသွေးကိုလည်း မေ့ထားလို့မရပါဘူး။ ချုပ်ရိုးမကောင်းရင် Fit ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ချုပ်ရိုးမျဉ်းများ (Seam Lines): ချုပ်ရိုးတွေက ဖြောင့်တန်းညီညာရဲ့လား။ ကောက်နေတာမျိုး၊ လိမ်နေတာမျိုး ရှိမရှိ ကြည့်ပါ။

ချုပ်ရိုးဖောင်းခြင်း (Puckering): ချုပ်ရိုးတစ်လျှောက်မှာ အထည်သားတွေ ဖောင်းကြွနေတာမျိုး ရှိမရှိကြည့်ပါ။ ဒါဟာ ချုပ်ရိုးတင်းလွန်းတာ ဒါမှမဟုတ် ချုပ်ရိုးမညီတာကြောင့် ဖြစ်နိုင်ပါတယ်။

ချုပ်ရိုးညီညာမှု (Alignment): အထည်ရဲ့ ဘယ်ညာဘက် ချုပ်ရိုးတွေ၊ ဒါမှမဟုတ် ပုံစံတူ အစိတ်အပိုင်းတွေက ညီညာရဲ့လား။ ဥပမာ – ဘောင်းဘီအိတ်ကပ် နှစ်ဖက်က အမြင့်ညီရဲ့လား။

ထိရောက်သော Fit Photo ရိုက်ကူးနည်းလမ်းများ (Practical Tips for Taking Effective Fit Photos

Fit Photo တွေကနေ အကောင်းဆုံး အချက်အလက်တွေ ရရှိဖို့ဆိုရင် မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ရိုက်ကူးဖို့ လိုအပ်ပါတယ်။

1. အလင်းရောင် ကောင်းမွန်မှုနှင့် ရှင်းလင်းသော နောက်ခံ (Good Lighting & Clear Background): ဓါတ်ပုံတွေက ရှင်းရှင်းလင်းလင်းနဲ့ အသေးစိတ်မြင်ရဖို့ အလင်းရောင်ကောင်းဖို့ အရေးကြီးပါတယ်။ သဘာဝအလင်းရောင် ဒါမှမဟုတ် စတူဒီယိုမီးတွေ သုံးနိုင်ပါတယ်။

နောက်ခံက ရှင်းလင်းနေရပါမယ်။ ရှုပ်ပွနေတဲ့ နောက်ခံက အထည်ရဲ့ အသေးစိတ်ကို မြင်ရဖို့ ခက်ခဲစေပါတယ်။ အဖြူရောင် ဒါမှမဟုတ် နက်ပြာရောင်လို ရိုးရှင်းတဲ့ နောက်ခံက အကောင်းဆုံးပါပဲ။

2. ဘက်ပေါင်းစုံမှ ရိုက်ကူးခြင်း (Multiple Angles): အထည်ရဲ့ ရှေ့ဘက်၊ နောက်ဘက်၊ ဘေးနှစ်ဖက် (ဘယ်၊ ညာ)၊ ၄၅ ဒီဂရီထောင့် (three-quarter view) တို့ကနေ ရိုက်ကူးပါ။ အပြည့်အစုံမြင်ရတဲ့ ဓါတ်ပုံတွေအပြင်၊ ပြဿနာရှိနိုင်တဲ့ နေရာတွေ (ဥပမာ – ပခုံး၊ ရင်ဘတ်၊ ခါး) ကို အနီးကပ် (close-up) ရိုက်ပါ။

3. မော်ဒယ်၏ ပုံစံအမျိုးမျိုး (Model Poses): မော်ဒယ်ကို သဘာဝအတိုင်း မတ်တပ်ရပ်ခိုင်းပါ။ လက်မြှောက်တာ၊ ထိုင်တာ၊ ကွေးညွှတ်တာ၊ လမ်းလျှောက်တာ စတဲ့ လှုပ်ရှားမှုပုံစံအမျိုးမျိုးနဲ့ ရိုက်ပါ။ ဒါမှ အထည်က လှုပ်ရှားမှုမှာ ဘယ်လိုတုံ့ပြန်လဲဆိုတာ သိရမှာပါ။

4. တိုင်းတာရေးကိရိယာများနှင့် ပင်များ (Measuring Tapes & Pins): ဓါတ်ပုံရိုက်နေစဉ်အတွင်း တင်းကျပ်နေတဲ့နေရာကို ပင်ထိုးပြီး ဘယ်လောက်ဖြေလျှော့သင့်တယ်ဆိုတာ မှတ်တမ်းတင်နိုင်ပါတယ်။ Measuring equipment နဲ့ အတိုင်းအတာ မှားယွင်းတဲ့နေရာတွေကို တိုင်းတာပြီး မှတ်တမ်းတင်နိုင်ပါတယ်။ ဒီMeasuring equipmentတွေဟာ ဓါတ်ပုံထဲမှာ မြင်နေရရင်တောင် ပြဿနာမရှိပါဘူး။

5. မှတ်တမ်းတင်ခြင်း (Documentation):ဓါတ်ပုံတစ်ပုံချင်းစီကို ရှင်းလင်းတဲ့ နာမည်ပေးပါ။ ဥပမာ- “Sample_Dress_Front_V1”, “Sample_Dress_Back_V1_WaistIssue” စသဖြင့်။

တွေ့ရှိရတဲ့ ပြဿနာတွေ၊ ပြင်ဆင်ရမယ့် အချက်အလက်တွေကို စာရင်းတစ်ခု (spreadsheet) နဲ့ ဒါမှမဟုတ် ဓါတ်ပုံပေါ်မှာ တိုက်ရိုက်မှတ်သားပြီး (ဥပမာ – အနီရောင်နဲ့ ဝိုင်းပြတာ၊ မြှားပြတာ) မှတ်တမ်းတင်ပါ။

ပြင်ဆင်မှုလုပ်ပြီးနောက် version အသစ် (V2, V3) တွေကိုလည်း ထပ်မံရိုက်ကူးပြီး ယခင် version တွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။

ဆရာမရဲ့ လက်တွေ့ အတွေ့အကြုံ ဥပမာ-ဆရာမတို့ ပထမဆုံး စတင်ခဲ့တဲ့ ready-to-wear brand လေးတစ်ခုမှာပေါ့။ Casual Dress လေးတစ်ခုကို ဒီဇိုင်းထုတ်ခဲ့တယ်။ ပုံကြမ်းပေါ်မှာတော့ အရမ်းလှတယ်။ ပထမဆုံး sample လေးထွက်လာတော့ model ပေါ်မှာ ဝတ်ပြီး Fit Photo တွေရိုက်တယ်။ မတ်တပ်ရပ်နေတဲ့ ပုံတွေမှာတော့ perfect ပဲ။ ဒါပေမယ့် model ကို ထိုင်ခိုင်းလိုက်တဲ့အခါ တင်ပါးနေရာက အထည်က အပေါ်ကို လိပ်တက်သွားပြီး ကျပ်သွားတာ တွေ့ရတယ်။ ပြီးတော့ လက်မြှောက်လိုက်တဲ့အခါ ချိုင်းနေရာက ဆွဲပြီး အင်္ကျီအောက်စတွေပါ တက်သွားတာမျိုး ဖြစ်နေတယ်။ ဒီဇိုင်းက လှပေမယ့် လက်တွေ့ဝတ်ဆင်ရတာ အဆင်မပြေဘူးဆိုရင် ဘယ်သူမှ မဝယ်ချင်ဘူးလေ။အဲ့ဒီ Fit Photo တွေကြောင့် ဆရာမတို့က အဲ့ဒီနေရာတွေကို အသေးစိတ် ပြန်ပြင်ဆင်နိုင်ခဲ့တယ်။ တင်ပါးနေရာမှာ ချုပ်ရိုးနေရာကို နည်းနည်းထပ်ချဲ့တာ၊ ချိုင်းနေရာကို ပိုပြီး သက်တောင့်သက်သာဖြစ်အောင် ပြင်တာ စတာတွေ လုပ်ခဲ့ရတယ်။ version 2, version 3 ဆိုပြီး ထပ်ခါထပ်ခါ ပြင်ရင်းနဲ့ နောက်ဆုံးမှာ အကောင်းဆုံး fit ကို ရရှိခဲ့ပြီး အဲ့ဒီ Dress က Brand ရဲ့ Best-selling item တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါဟာ Fit Photo ရဲ့ စွမ်းအားပါပဲ။ သူသာ မရှိရင် ဆရာမတို့ Brand အစမှာတင် တော်တော်လေး ဒုက္ခရောက်မှာ။

နိဂုံးချုပ်အနေဖြင့်…Fit Photo တွေဟာ ဒီဇိုင်နာတစ်ယောက်ရဲ့ ဒီဇိုင်းစိတ်ကူးတွေကို လက်တွေ့ အောင်မြင်အောင် ဖန်တီးပေးနိုင်တဲ့ မရှိမဖြစ် ကိရိယာတွေပဲ ဖြစ်ပါတယ်။ ဒီဓါတ်ပုံတွေကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ ပြဿနာတွေကို ရှာဖွေတွေ့ရှိခြင်း၊ မှန်မှန်ကန်ကန် ပြင်ဆင်ခြင်းတို့ဟာ အရည်အသွေးမြင့်မားတဲ့ အထည်တွေကို ဖန်တီးနိုင်ဖို့အတွက် အရေးကြီးဆုံး လုပ်ငန်းစဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။ပရော်ဖက်ရှင်နယ် ဒီဇိုင်နာကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဒီ Fit Photo စစ်ဆေးခြင်း အတတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ထားဖို့ တိုက်တွန်းချင်ပါတယ်။ စိတ်ရှည်ရှည်ထားပြီး အသေးစိတ်ကို ဂရုစိုက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *