🔥Fashion Production မှာ အရေးကြီးဆုံး အဆင့်တွေထဲက တစ်ခုဖြစ်တဲ့ Approval Day အကြောင်းမသိချင်ကြဘူးလား?

ဒီဇိုင်နာတစ်ယောက်ဟာ ထုတ်လုပ်မှုအဆင့်ကို မရောက်ခင် အသေးအမွှာလေးတစ်ချက် လွဲချော်ခဲ့ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်လဲဆိုတာ စဉ်းစားကြည့်ဖူးလား။ တကယ်လို့ ထုတ်လုပ်ပြီးမှ အဲဒီလို ချို့ယွင်းချက်ကို တွေ့ရှိခဲ့ရပြီဆိုရင်တော့ ငွေကြေးဆုံးရှုံးမှု၊ အချိန်ကုန်ဆုံးမှု၊ ဂုဏ်သိက္ခာ ထိခိုက်မှုတွေအထိ ဖြစ်ပေါ်လာနိုင်ပါတယ်။ဒီနေ့ ပြောပြချင်တာကတော့ ဖက်ရှင်ထုတ်လုပ်ရေးမှာ အရေးကြီးဆုံး အဆင့်တွေထဲက တစ်ခုဖြစ်တဲ့”Approval Day” အကြောင်းပဲ ဖြစ်ပါတယ်။

ဒါဟာ နမူနာအထည် (Sample) ကို အသေးစိတ် ပြန်လည်စစ်ဆေးပြီး အတည်ပြုချက် မပေးခင် လုပ်ဆောင်ရမယ့် အရာတွေနဲ့ ပတ်သက်ပါတယ်။ ဒီအဆင့်ကို သေချာဂရုမစိုက်မိရင် ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ဒီဇိုင်းဖြစ်ပါစေ၊ နောက်ဆုံးတော့ စျေးကွက်ထဲမှာ အောင်မြင်မှာ မဟုတ်ပါဘူး။

ဘာကြောင့် “Approval Day” က ဒီလောက်အရေးကြီးတာလဲ။

ဒီဇိုင်းတစ်ခုကို ဖန်တီးရာမှာ စိတ်ကူးနဲ့ စက္ကူပေါ်ကနေ လက်တွေ့အထည်အဖြစ် ပုံဖော်ဖို့ဆိုတာ အဆင့်များစွာကို ဖြတ်သန်းရပါတယ်။ ပထမဆုံး Sketch ဆွဲ၊ Pattern ဖြတ်၊ နမူနာ (Sample) ချုပ်၊ ပြီးတော့ ပြန်လည်ပြင်ဆင်ပြီး Production Sampleကို ချုပ်လုပ်ရပါတယ်။ ဒီ Production Sample ဟာ ကိုယ့်ရဲ့ ဖက်ရှင်ထုတ်ကုန်အတွက် အဆုံးအဖြတ်ပေးမယ့် အရာပါ။ ဒါကို အတည်မပြုခင် အသေးစိတ် စစ်ဆေးပြီး အတည်ပြုချက် လက်မှတ်ထိုးရတာက ထုတ်လုပ်မှုအဆင့်မှာ အမှားအယွင်းတွေ လုံးဝမဖြစ်ရအောင် ကြိုတင်ကာကွယ်တဲ့ သဘောပါပဲ။

(1) ဒီဇိုင်းနှင့် အလှအပဆိုင်ရာ (Design & Aesthetics)

ဒီအဆင့်မှာ ကိုယ်ဒီဇိုင်းထုတ်ထားတဲ့ ပုံစံ၊ အရောင်၊ ပိတ်စ၊ အလှဆင်ပစ္စည်းတွေ အားလုံးက ကိုယ်လိုချင်တဲ့ အတိုင်းအတာအတိုင်း ဖြစ်၊ မဖြစ်ကို သေချာစစ်ဆေးရပါမယ်။

1.အရောင် (Color):ပိတ်စပေါ်က အရောင်က စိတ်ကူးထဲက အရောင် ဒါမှမဟုတ် ပုံမှန် Panton Code အရောင်နဲ့ တူရဲ့လား။ အထည်တစ်ထည်တည်းမှာ အရောင်နှစ်မျိုးသုံးရင် အရောင်မလွဲအောင် (Color Shade မလွဲအောင်) သေချာစစ်ဆေးရပါမယ်။

2..Print/Embroidery: ဒီဇိုင်းပုံစံ၊ အရွယ်အစားနဲ့ နေရာချထားမှုက မှန်ကန်ရဲ့လား။ ပန်းထိုးဆိုရင် ချည်လုံးပွတာမျိုး၊ ပုံနှိပ်ဆိုရင် အရောင်မှိန်တာ၊ အရောင်ပြန့်တာမျိုး မရှိဖို့ ဂရုစိုက်ရမယ်။

3.Fabric Hand-feel: ပိတ်စရဲ့ အသားက ကိုယ်လိုချင်တဲ့ အထိအတွေ့မျိုး ပေးရဲ့လား။ နူးညံ့မှု၊ ခပ်မာမာခံ့ညားမှု၊ အိကျမှု စတာတွေက ဒီဇိုင်းနဲ့ လိုက်ဖက်မှုရှိဖို့ လိုတယ်။

4.အလှဆင်ပစ္စည်းများ (Embellishments):ပုလဲလုံး၊ ပန်းကုံး၊ ဖဲကြိုး၊ ခရုခွံစတာတွေရဲ့ အရည်အသွေးနဲ့ သူတို့ရဲ့ တွဲချုပ်ထားပုံက ခိုင်ခံ့ရဲ့လား၊ တိကျရဲ့လား။

5.ဒီဇိုင်းပုံစံ (Silhouette):အထည်ရဲ့ အလုံးစုံပုံသဏ္ဍာန်က ကိုယ်စိတ်ကူးထားတဲ့ အတိုင်း ထွက်ပေါ်လာရဲ့လား။ ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုပုံစံမျိုး ရှိနေမလဲ။

(2)ဝတ်ဆင်မှုနှင့် အရွယ်အစား (Fit & Sizing) –

ဖက်ရှင်ဟာ လှပဖို့တင်မကဘဲ ဝတ်ဆင်သူတွေအတွက် သက်သောင့်သက်သာရှိဖို့၊ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ လိုက်ဖက်ညီဖို့လည်း လိုပါတယ်။ ဒါမှသာ လူတွေက ဝယ်ယူပြီး ဝတ်ဆင်ချင်မှာ ဖြစ်ပါတယ်။

1.တိုင်းတာမှုများ (Measurements): Tech Pack ထဲမှာ ဖော်ပြထားတဲ့ တိုင်းတာမှုတွေနဲ့ နမူနာအထည်ရဲ့ တိုင်းတာမှုတွေက လက်မလွဲ မှန်ကန်ရဲ့လား။ ပခုံးအကျယ်၊ ရင်၊ ခါး၊ တင်၊ အရှည် စတာတွေ အားလုံးကို အတိအကျ ပြန်စစ်ဆေးရမယ်။

ဒီနေရာမှာ နမူနာတစ်ခု ပြောရရင်၊ နာမည်ကြီး Brand တစ်ခုရဲ့ Jeans တွေဆိုရင် သူတို့ရဲ့ Fit က အမြဲတမ်း တိကျပြီး ဝတ်လို့ကောင်းတယ်။ ဒါဟာ သူတို့ Sample Approval Process ကို အရမ်းတင်းကျပ်ပြီး မတူညီတဲ့ ခန္ဓာကိုယ်ပုံစံတွေပေါ်မှာ ထပ်ခါတလဲလဲ စမ်းသပ်စစ်ဆေးလို့ပဲ။

2.ဝတ်ဆင်ပုံ (Drape on Body): အထည်က လူ့ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုမျိုး အိကျလဲ၊ ဘယ်လိုပုံစံနဲ့ ရှိနေလဲ။ လှုပ်ရှားတဲ့အခါ အဆင်ပြေရဲ့လား။

3.အရွယ်အစားခွဲခြားခြင်း (Grading): S, M, L, XL စသည်ဖြင့် အရွယ်အစားအမျိုးမျိုး (Grading) ကို ဘယ်လိုလုပ်ထားလဲ။ Small ကနေ Medium ပြောင်းတဲ့အခါ တိုင်းတာမှုတွေက စနစ်တကျ ရှိရဲ့လား။ (ဥပမာ: S ကနေ M ကို ၁ လက်မ တိုးသွားတယ်ဆိုရင် M ကနေ L ကိုလည်း ၁ လက်မ တိုးသွားဖို့ လိုတယ်)။ အရွယ်အစားအမျိုးမျိုးအတွက် Sample ချုပ်ပြီး စစ်ဆေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

4.သက်သောင့်သက်သာရှိမှု (Comfort): ဝတ်ဆင်တဲ့အခါ ယားယံတာ၊ ကျပ်တာ၊ ချုပ်ရိုးက အနှောင့်အယှက်ဖြစ်တာမျိုး မရှိရအောင် သေချာစစ်ဆေးပါ။

(3) ချုပ်လုပ်မှုနှင့် အရည်အသွေး (Construction & Quality) –

ဒီအပိုင်းကတော့ ကိုယ့်ထုတ်ကုန်ရဲ့ ခိုင်ခံ့မှုနဲ့ ရေရှည်ခံမှုကို အဆုံးအဖြတ်ပေးတဲ့ အဓိက အပိုင်းပဲ။ ဘယ်လောက်လှလှ ချုပ်ရိုးချုပ်သားမကောင်းရင်၊ အရည်အသွေးညံ့ရင် ဘယ်သူမှ ဝယ်ချင်ကြမှာ မဟုတ်ပါဘူး။

1.ချုပ်ရိုးချုပ်သား (Stitching): ချုပ်ရိုးတွေက ညီရဲ့လား၊ တန်းရဲ့လား။ တစ်သမတ်တည်း ရှိရဲ့လား။ ချည်လုံးတွေ ပွနေတာမျိုး၊ ချည်စတွေ ထွက်နေတာမျိုး မရှိရဘူး။ ချုပ်ရိုးအားကောင်းရဲ့လား။ (ချုပ်ရိုးအားကောင်းတယ်ဆိုတာက ဆွဲကြည့်လိုက်ရင် ပြတ်မထွက်အောင် ခံနိုင်ရည်ရှိတာကို ဆိုလိုတယ်)။

2.Inner Finishing: အထည်ရဲ့ အတွင်းပိုင်းကို သပ်သပ်ရပ်ရပ် ချုပ်ထားလား။ အစွန်းတွေကို Overlock ချုပ်ထားတာမျိုး၊ အတွင်းခံ Lining တွေ သပ်သပ်ရပ်ရပ် ကပ်ထားတာမျိုး ရှိရဲ့လား။ အတွင်းပိုင်းက ကောင်းမွန်မှ အထည်က ပိုမိုလှပပြီး အရည်အသွေးမြင့်မှာပါ။

3.ဆက်စပ်ပစ္စည်းများ (Trims & Notions):ကြယ်သီး၊ ဇစ်၊ ကလစ်၊ Label တွေက အရည်အသွေးကောင်းရဲ့လား။ မှန်ကန်တဲ့ နေရာမှာ ခိုင်ခိုင်မာမာ တပ်ဆင်ထားလား။ ဇစ်တွေက အဆင်ပြေပြေ ပွင့်၊ ပိတ် လုပ်လို့ရရဲ့လား။

တစ်ခါတုန်းက မြန်မာပြည်က နာမည်ကြီး Boutique ဆိုင်တစ်ဆိုင်ဟာ သူတို့ရဲ့ ကတီပါအင်္ကျီတွေမှာ ဇစ်တွေက အကြမ်းစားဖြစ်ပြီး ဆွဲလိုက်တာနဲ့ ချွတ်ယွင်းတာ၊ ခက်တာမျိုးတွေ ဖြစ်ခဲ့ဖူးတယ်။ ဒါဟာ Quality Control မှာ ဇစ်အမျိုးအစားကို သေချာမရွေးချယ်မိလို့၊ Sample မှာ သေချာမစစ်မိလို့ ဖြစ်ခဲ့ရတာပါ။ နောက်ဆုံးတော့ ဖောက်သည်တွေရဲ့ ယုံကြည်မှုပါ ကျဆင်းသွားခဲ့ရတယ်။

4.အထည်သား ချို့ယွင်းချက် (Fabric Flaws): ပိတ်စမှာ ချည်တာမျိုး၊ အရောင်ကွက်တာမျိုး၊ အပေါက်လေးတွေ ပါတာမျိုး မရှိရအောင် သေချာစစ်ဆေးရမယ်။

(4) အသုံးပြုနိုင်စွမ်းနှင့် ခံနိုင်ရည် (Functionality & Durability) –

ဖက်ရှင်ထုတ်ကုန်တစ်ခုဟာ လှပရုံတင်မကဘဲ လက်တွေ့ကျကျ အသုံးပြုလို့ရပြီး ရေရှည်ခံဖို့လည်း လိုပါတယ်။

1.ဝတ်ဆင်ရလွယ်ကူမှု (Ease of Wearing): ဝတ်ရတာ လွယ်ကူရဲ့လား၊ ချွတ်ရတာ လွယ်ကူရဲ့လား။ ကြယ်သီးများရင် ကြယ်သီးတပ်ရတာ မခက်ဘူးလား။

2.ရေရှည်ခံမှု (Durability): အထည်က ရေရှည်ဝတ်ဆင်နိုင်ဖို့ ခိုင်ခံ့မှုရှိရဲ့လား။ လျှော်ဖွပ်ပြီးရင် ပုံမပျက်အောင်၊ အရောင်မကျအောင် ခံနိုင်ရည်ရှိရဲ့လား။

3.Care Instructions: Label ပေါ်မှာ ဖော်ပြထားတဲ့ Care Instructions ညွှန်းကြားချက်တွေက မှန်ကန်ပြီး ရှင်းလင်းရဲ့လား။ (ဥပမာ: Hand Wash Only, Dry Clean Only, Do Not Bleach စသည်ဖြင့်)

(5) ကုန်ကျစရိတ်နှင့် ကုန်ကြမ်းရရှိမှု (Cost & Sourcing) –

ဒီအဆင့်ဟာ ငွေကြေးပိုင်းနဲ့ ပတ်သက်ပြီး အတိအကျသိရှိဖို့ လိုပါတယ်။

1.နောက်ဆုံးကုန်ကျစရိတ် (Final Cost): နမူနာအတည်ပြုပြီးရင် ထုတ်လုပ်မှုအတွက် နောက်ဆုံးကုန်ကျစရိတ်ကို ထုတ်လုပ်သူနဲ့ ပြန်လည်အတည်ပြုရပါမယ်။ မမျှော်လင့်ဘဲ ကုန်ကျစရိတ်တိုးလာတာမျိုး မဖြစ်ရအောင် ကြိုတင်သေချာအောင် လုပ်ပါ။

2.ကုန်ကြမ်းရရှိနိုင်မှု (Material Availability): အသုံးပြုမယ့် ပိတ်စ၊ အလှဆင်ပစ္စည်းတွေက အလုံးအရင်း ထုတ်လုပ်ဖို့အတွက် လုံလောက်စွာ ရရှိနိုင်ရဲ့လား။ ကုန်ပစ္စည်းမပြတ်လပ်အောင် ကြိုတင်စစ်ဆေးပါ။

(6) စာရွက်စာတမ်းများ (Documentation) – တရားဝင် အတည်ပြုမှု

1.Tech Pack Updates: နမူနာကို စစ်ဆေးပြီး ပြုပြင်ပြောင်းလဲမှုတွေ ရှိရင် Tech Pack ထဲမှာ အသေးစိတ် ပြန်လည်ဖြည့်စွက်ရပါမယ်။ ဒါမှသာ နောက်ဆုံး အတည်ပြုပြီးသား အချက်အလက်တွေနဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို စတင်နိုင်မှာပါ။

2.အတည်ပြုလက်မှတ် (Final Sign-off): အထည်နမူနာကို အားလုံးစစ်ဆေးပြီး စိတ်တိုင်းကျပြီဆိုရင် ထုတ်လုပ်မှုအတွက် တရားဝင် အတည်ပြုလက်မှတ် ရေးထိုးရပါမယ်။ ဒီလက်မှတ်ဟာ အထည်ကို ထုတ်လုပ်ရန် ခွင့်ပြုကြောင်းကို ဖော်ပြတဲ့ အထောက်အထားပဲ ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့…ဖက်ရှင်ဒီဇိုင်းလုပ်ငန်းမှာ အောင်မြင်ချင်တယ်ဆိုရင် “Approval Day” ဟာ ကိုယ့်ရဲ့ ဖက်ရှင် Brand အတွက် အသက်ပဲဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ဒီအဆင့်ကို ဂရုတစိုက် လုပ်ဆောင်ခြင်းအားဖြင့် စျေးကြီးတဲ့ အမှားအယွင်းတွေကို ရှောင်ရှားနိုင်မယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းအရည်အသွေး မြင့်မားမှုကို ထိန်းသိမ်းနိုင်မယ်။ ကိုယ့်ဖောက်သည်တွေရဲ့ ယုံကြည်မှုကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အနုပညာနဲ့ စီးပွားရေးဆိုတာ ဒွန်တွဲနေပါတယ်။ အနုပညာဖန်တီးမှုကို အကောင်းဆုံး ပုံဖော်နိုင်ဖို့ လက်တွေ့ကျတဲ့ ထုတ်လုပ်မှု အဆင့်တွေကိုလည်း နားလည်တတ်ကျွမ်းဖို့ လိုပါတယ်။ ဒါကြောင့် မို့လို့ ဒီဇိုင်းတွေကို အသက်သွင်းတဲ့အခါတိုင်း ဒီ “Approval Day” ကို အလေးအနက်ထားပြီး ဂရုတစိုက် လုပ်ဆောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်နော်။ အားလုံးပဲ အောင်မြင်တဲ့ ဒီဇိုင်နာတွေ ဖြစ်ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *